28 C
Yangon

အကြမ်းဖက် မင်းအောင်လှိုင်ကို အသိအမှတ်မပြုသည့် အာဆီယံအဖွဲ့မှ မြန်မာနိုင်ငံ နှုတ်ထွက် စွန့်ခွာရန် အာဏာရှင်ဟောင်းနေဝင်း၏ မြေးအေးနေဝင်းနှင့် ကြံ့ဖွတ်အမတ် ဘူးလက်လှဆွေတို့က လှုံ့ဆော်

Must read

ရန်ကုန်၊ မေ ၁၇

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတနှင့် အစိုးရအဖြစ် တရားဝင်အသိအမှတ်ပြုရန် ငြင်းဆန်နေသည့် အာဆီယံ (ASEAN) အဖွဲ့မှ မြန်မာနိုင်ငံအနေဖြင့် နှုတ်ထွက်စွန့်ခွာရန် အာဏာရှင်ဟောင်း ဦးနေဝင်း၏မြေးဖြစ်သူ အေးနေဝင်းနှင့် ကြံ့ဖွတ်အမတ်ဟောင်း စစ်တပ်ထောက်ခံသူ ဘူးလက်လှဆွေတို့က လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် လှုံ့ဆော်ပြောဆိုလိုက်ကြသည်။

အာဏာရှင် ဦးနေဝင်း၏မြေး အေးနေဝင်းက အာဆီယံအဖွဲ့သည် မြန်မာနိုင်ငံအပေါ် လူပါးဝပြောဆိုနေခြင်းဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် အာဆီယံရှိရှိ၊ မရှိရှိ ရပ်တည်နိုင်ကြောင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ဝေဖန်ပြောဆိုသည်။

“အာဆီယံက မြန်မာကိုလူပါး၀ပြီး ပြောနေတာပဲ။ ကျနော်တို့သည် အာဆီယံရှိရင်လည်း ရပ်တည်လို့ရတယ်။ အာဆီယံ မရှိရင်လည်း ကျနော်တို့ ရပ်တည်လို့ရတယ်။ မြန်မာဆိုတာက အာဆီယံထက်ပိုပြီး ကြီးခဲ့တဲ့ အဖွဲ့။ မြန်မာ နိုင်ငံဆိုတဲ့ အာဆီယံမှာ မရှိမဖြစ် တန်ဖိုးရှိတဲ့ နိုင်ငံ ဆုံးရှုံးသွားနိုင်တယ်ဆိုတာကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအားလုံးကို လေးလေးနက်နက် သတိပေးပြောကြားလိုက်ပါတယ်။”ဟု အေးနေဝင်းက ပြောဆိုသည်။

အေးနေဝင်းက အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင်လည်း လွတ်လပ်ရေးရကတည်းက တစ်ပါတီစနစ်ဖြင့် အုပ်ချုပ်နေသည့်နိုင်ငံများ၊ ကွန်မြူနစ်စနစ်နှင့် သက်ဦးဆံပိုင်စနစ် ကျင့်သုံးသည့်နိုင်ငံများ ရှိနေကြောင်း၊ လက်ရှိ မြန်မာနိုင်ငံတွင်လည်း အစိုးရသစ်က အရှိန်အဟုန်ဖြင့် ချီတက်နေချိန်ဖြစ်ရာ မြန်မာကဲ့သို့ မရှိမဖြစ်တန်ဖိုးရှိသည့် နိုင်ငံတစ်ခု ဆုံးရှုံးသွားနိုင်သည်ကို အာဆီယံနိုင်ငံများ သတိပြုသင့်ကြောင်း ဆက်လက်ပြောဆိုခဲ့သည်။

အလားတူပင် ကြံ့ဖွတ်ပါတီ၏ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အမတ် ဘူးလက်လှဆွေကလည်း ကမ္ဘာ့အင်အားကြီး တရုတ်နှင့် ရုရှားနိုင်ငံတို့က မြန်မာအစိုးရကို တလေးတစား ဆက်ဆံနေသောကြောင့် အာဆီယံက အသိအမှတ်မပြုသော်လည်း အလေးစိုက်စရာမလိုကြောင်း မေလ ၁၆ ရက်နေ့က ၎င်း၏ လူမှုကွန်ရက်ဗီဒီယိုဖိုင်မှတစ်ဆင့် ဝေဖန်ပြောဆိုသည်။

“သမ္မတပူတင်က မြန်မာပေါ် ဘယ်လောက်တန်ဖိုးထားလဲဆိုတော့ အာဆီယံ+ရုရှားအစည်းအဝေးကို မော်စကိုမှာလုပ်တယ်၊ ခင်ဗျားတို့မြန်မာလည်းပါတယ်၊ ဆိုတော့ မြန်မာနဲ့စကားမပြောပါဘူးဆိုတဲ့ ဖိလစ်ပိုင်တို့ တီမောတို့ အင်ဒိုနီးရှား၊ မလေးရှား ဘယ်လိုမျက်နှာထားမလဲ၊ မျက်နှာပူစရာကြီး မြန်မာကတော့ သွားမှာပဲ၊ သူတို့မလာဘူးဆိုလည်း၊ မလာရင်လည်းနေလေ ကမ္ဘာ့စွမ်းအင်အရင်းအမြစ်က အရှေ့အလယ်ပိုင်းပြီးရင် ရုရှားမှာ အကြီးဆုံးပဲ ခုရေနံတွေ ဒီလောက်ခက်နေတာ ရุရှားကဆီမသွားရင် အန္တရာယ်ရှိတာပေါ့နော်၊ အဲ့တော့ ဆိုလိုတာက ကျွန်တော်တို့ရဲ့ မိတ်ဖက် တရုတ်နဲ့ရုရှားဟာ မြန်မာကို တော်တော်အလေးထားတယ်၊ ခင်ဗျားတို့ နှစ်ပဲတစ်ပြားအာဆီယံက အသိအမှတ်မပြုရင်နေ၊ ကျွန်တော်တို့မြန်မာကတော့ ကမ္ဘာ့အင်အားကြီးနိုင်ငံနှစ်ခုဖြစ်တဲ့ ရုရှားနဲ့တရုတ်ရဲ့ တလေးတစား ဆက်ဆံခြင်းကို ခံရတယ်”ဟု ဘူးလက်လှဆွေက ပြောဆိုသည်။

ကြံ့ဖွတ်အမတ် ဘူးလက်လှဆွေသည် ၎င်း၏ ဆိုရှယ်မီဒီယာအကောင့်များမှတစ်ဆင့် တော်လှန်ရေးအင်အားစုများကို ပုတ်ခတ်စော်ကားခြင်း၊ အကြမ်းဖက်စစ်ကောင်စီကို ထောက်ခံခြင်းမရှိသည့် အိမ်နီးချင်းနိုင်ငံများနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများကို ပြစ်တင်ရှုတ်ချခြင်းများကို မကြာခဏ ပုံမှန်ပြုလုပ်နေခြင်းဖြစ်သည်။

ယင်းအပြင် စစ်တပ်လော်ဘီတယ်လီဂရန်ချန်နယ်များကလည်း လက်ရှိ မင်းအောင်လှိုင်ကို သမ္မတအဖြစ် အသိအမှတ်မပြုသော အာဆီယံအဖွဲ့မှ မြန်မာနိုင်ငံအနေဖြင့် နုတ်ထွက်ပြီး မြန်မာစစ်တပ်အပေါ် သဘောထားတင်းမာ သော အာဆီယံနိုင်ငံများနှင့် သံတမန် ဆက်ဆံရေးများ ရပ်ဆိုင်းရန် လှုံ့ဆော်လျက်ရှိသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article