ရန်ကုန်၊ မေ ၁၈
မန္တလေးမြို့ပေါ်တွင် နေ့/ည အချိန်မရွေး စစ်ကောင်စီ၏ ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပိုမိုများပြား ဆိုးရွားလာနေပြီး၊ ချမ်းမြသာစည်မြို့နယ်မှ လူငယ် ကိုဇင်မင်းထွေးမှာ ပျောက်ဆုံးနေသဖြင့် မိဘများက လူမှုကွန်ရက်မှတစ်ဆင့် အကူအညီတောင်း ထုတ်ဖော်ပြောဆိုထားသည်။
မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ ကံသာယာမြို့သစ်၊ အောင်ပင်လယ်ရပ်ကွက်တွင် နေထိုင်သော ဖခင် ဦးသက်နောင်နှင့် မိခင် ဒေါ်တင်တင်အေးတို့၏ သားဖြစ်သူ ကိုဇင်မင်းထွေးသည် ပြီးခဲ့သည့် မေလ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။ ယနေ့ မေလ ၁၈ ရက်နေ့အထိ မည်သည့်သတင်းမျှ မကြားရတော့ဘဲ ပျောက်ဆုံးနေဆဲဖြစ်ရာ မိခင်ဖြစ်သူမှာလည်း ကျောက်ကပ်တွင် ကျောက်တည်၍ ခွဲစိတ်ကုသထားရသဖြင့် ကျန်းမာရေး မကောင်းမွန်ကြောင်း ဖခင်ဖြစ်သူက ရင်ဖွင့်ထားသည်။
မန္တလေးအခြေစိုက် ကင်းထောက်သတင်းရင်းမြစ်တစ်ခုက “မန္တလေးမှာ လူငယ်တွေ ပျောက်တာ တော်တော်ကို များပါတယ်။ ပျောက်တာမဟုတ်ပါဘူး၊ ပေါ်တာဆွဲခံရတာ။ တချို့ကတော့ ငွေနဲ့ ရွေးဖို့ ဖုန်းနဲ့ ပြန်ဆက်သွယ်တာရှိတယ်။ တော်တော်များများကတော့ စစ်မှုထမ်းသင်တန်း ရောက်သွားမှပဲ သိရတာ။ နေ့ရော ညပါ အချိန်မရွေးတော့ဘူး၊ လူငယ်တွေ ပေါ်တာဆွဲခံနေရတာ။”ဟု ပြောဆိုသည်။
အလားတူပင် စစ်ကိုင်းတိုင်းအတွင်းရှိ မုံရွာမြို့၊ စစ်ကိုင်းမြို့နှင့် ရွှေဘိုမြို့တို့တွင်လည်း အကြမ်းဖက်စစ်တပ်၏ နေ့စဉ် ပေါ်တာဆွဲ ဖမ်းဆီးခြင်းများကြောင့် လူငယ်များမှာ အပြင်သို့ မထွက်ရဲ၊ အလုပ်မသွားရဲတော့ဘဲ တိမ်း ရှောင်နေရသဖြင့် အလုပ်လက်မဲ့ဖြစ်ကာ စားဝတ်နေရေး အခက်အခဲကြီးစွာ ရင်ဆိုင်နေရကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
၂၀၂၆ ခုနှစ် ဇန်နဝါရီလပိုင်းမှ စတင်ကာ ယခုမေလအထိ မုံရွာ၊ စစ်ကိုင်းနှင့် ရွှေဘိုမြို့ပေါ်တို့၌ အကြမ်းဖက်စစ်တပ်က နေ့စဉ် ပေါ်တာဆွဲဖမ်းဆီးမှုများ ပြုလုပ်နေခြင်းကြောင့် အသက် ၂၀ နှစ်မှ အသက် ၃၅ နှစ်အကြားရှိ အလုပ်လက်မဲ့ဖြစ်သွားသည့် လူငယ်ပေါင်း ထောင်နှင့်ချီ ရှိလာနေပြီ ဖြစ်သည်။
“မုံရွာ၊ စစ်ကိုင်းနဲ့ ရွှေဘို မြို့ပေါ်တွေမှာ စစ်ခွေးတွေ ပေါ်တာဆွဲမှုကြောင့် လူငယ်တွေက အိမ်အပြင်ကို မထွက်ရဲကြတော့ဘူး။ အလုပ်သွားရမှာတောင် ကြောက်နေကြတယ်။ စစ်ခွေးတွေက အလုပ်သွား အလုပ်ပြန်တဲ့ အလုပ်သမားတွေကို အဓိကထားပြီး ပေါ်တာဆွဲဖမ်းဆီးတာပါ။ စစ်ခွေးတွေ ပေါ်တာဆွဲဖမ်းဆီးမှုကြောင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ စတင်ပြီး မေလအထိကို အလုပ်လက်မဲ့ ထောင်နဲ့ချီရှိတယ်။ လူငယ်တွေ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်။ တချို့လူငယ်တွေဆိုရင် ပေါ်တာဆွဲခံရမှာ ကြောက်လို့ဆိုပြီး သူများနိုင်ငံ သွားတာမျိုးနဲ့ ရွာဘက်သွားနေသူတွေရယ် အရမ်းများလာတယ်”ဟု မုံရွာဒေသတွင် အခြေစိုက်ပြီး စစ်ကိုင်းတိုင်းအတွင်း တော်လှန်ရေး ချိတ်ဆက်လုပ်ကိုင်နေသော ထောက်/ပို့သတင်းရင်းမြစ်က ရှင်းပြသည်။
စစ်ကိုင်းတိုင်းအတွင်းရှိ မုံရွာ၊ စစ်ကိုင်းနှင့် ရွှေဘိုမြို့တို့တွင် အကြမ်းဖက်စစ်တပ်က တစ်ရက်လျှင် လူငယ် ၅၀ ထက်မနည်းကို ပေါ်တာဆွဲ ဖမ်းဆီးနေခြင်းဖြစ်ပြီး၊ ဖမ်းဆီးရမိသူများကို စစ်မှုထမ်းစုဆောင်းရေးတပ်များသို့ ချက်ချင်း ပို့ဆောင်လျက်ရှိသည်။
ထိုသို့ ဖမ်းဆီးခံရသူများထဲတွင် ငွေကြေးတတ်နိုင်သည့် မိသားစုဝင်များက ငွေကျပ်သိန်းရာချီ ပေးဆောင်ကာ ပြန်လည်ရွေးယူမှုများလည်း ရှိနေကြောင်း ဒေသခံပြည်သူများ၏ ပြောပြချက်အရ သိရသည်။
ဓာတ်ပုံ- မန္တလေးတွင် ကိုဇင်မင်းထွေး ပျောက်ဆုံးနေ၍ အကူအညီတောင်းခံနေသော ဖခင် ဦးသက်နောင်




