28.8 C
Yangon

စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်ပူးပေါင်းအဖွဲ့၏ လိမ်လည်ခြင်းခံခဲ့ရသော လက်နက်ချခဲ့သည်ဆိုသော ခွန်တန်နှင့်အဖွဲ့ PNLO/PNLA ထံသို့ ပြန်လည်ဘက်ပြောင်း ခိုလှုံ

Must read

ရန်ကုန်၊ မေ ၁၈

စစ်ကောင်စီတပ်နှင့် PNO ပူးပေါင်းအဖွဲ့၏ လိမ်လည်မှုခံခဲ့ရသော ခွန်တန်နှင့် နောက်လိုက်နောက်ပါ အင်အား ၆၀ ကျော်သည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) ထံသို့ ထပ်မံခိုလှုံလာခဲ့သဖြင့် ၎င်းတို့၏ အသက်အန္တရာယ်မထိခိုက်စေရေးနှင့် ပအိုဝ်းဒေသ တော်လှန်ရေးပုံရိပ်မထိခိုက်စေရေးအတွက် ဆွေးနွေးဆောင်ရွက်နေကြောင်း PNLO/PNLA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခွန်အောင်မန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဧပြီလ ၂၄ ရက်နှင့် ၂၅ ရက်နေ့တို့တွင် ဗိုလ်အောင်ဒင်ဦးဆောင်သော PNO/PNA ပြည်သူ့စစ်တပ်ဖွဲ့က ဗန်းမတ်ဆရာတော်နှင့် ဒေသခံလူထု ရပ်မိရပ်ဖများကို အသုံးချကာ ခွန်တန်နှင့် နောက်လိုက်နောက်ပါများကို လက်နက်ချရန် ဖြားယောင်းသွေးဆောင်စေခဲ့ခြင်း ဖြစ်သည်ဟု သိရှိရသည်။

ထို့နောက် စစ်အုပ်စု၏ လက်အောက်ခံ PNO/PNA အဖွဲ့က ၎င်းတို့နှင့် ကြိုတင်ဆွေးနွေးထားသည့် သဘောတူညီချက်များအတိုင်း မလုပ်ဆောင်ဘဲ ခွန်တန်အား လိမ်လည်သွေးဆောင်ကာ အဖွဲ့ဝင် ၆၁ ဦးကို လက်နက်ချစေ၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်အုပ်စုနှင့် PNO/PNA တို့၏ လိမ်လည်ဖြားယောင်းမှုကို သိရှိသွားပြီးနောက် ကျန်ရှိနေသည့် ခွန်တန်နှင့် နောက်လိုက်နောက်ပါများက PNO/PNA အဖွဲ့ကို ပြန်လည်တိုက်ခိုက်ခဲ့ပြီး PNLO/PNLA ၏ စောင့်ရှောက်မှုကို ပြန်လည်ခံယူခဲ့ကြသည်။

ထို့ကြောင့် PNLO/PNLA အနေဖြင့် ခွန်တန်၏ အသက်အန္တရာယ် မထိခိုက်စေရေးနှင့် ပအိုဝ်းအမျိုးသားလွတ် မြောက်မှု တတိယတော်လှန်ရေး၏ ပုံရိပ်ကို မထိခိုက်စေရေးတို့အတွက် ဆက်လက်ဆွေးနွေးဆောင်ရွက်နေခြင်း ဖြစ်သည်ဟု သိရှိရသည်။

PNLO/PNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခွန်အောင်မန်းက “အဓိကကတော့ သူတို့ရဲ့ ရည်ရွယ်ချက်က လက်နက်ချဖို့ မဟုတ်ဘူး။ သူတို့ရဲ့ စဉ်းစားချက်ကတော့ အဲဒီ ဗန်းမတ်ဒေသမှာ လက်နက်ကိုင်ပြီးတော့ အဖွဲ့တစ်ခု နာမည်ယူပြီးတော့ သူတို့နေမယ်။ လက်နက်လည်း မချဘူး။ ပြည်သူ့စစ်ကော၊ စစ်ကောင်စီနဲ့ရော မတိုက်ဘူး။ တော်လှန်ရေးအဖွဲ့တွေနဲ့လည်း ပြေပြေလည်လည် ဆက်ဆံသွားမယ်။ အဲလိုမျိုး နေချင်တဲ့အကြောင်းကို PNO ပြည်သူ့စစ်နဲ့ သူတို့က ညှိတယ်။ ဟိုကလည်း လက်ခံမယ် လာခဲ့ပါဆိုပြီးတော့မှ တကယ်တမ်း လက်မခံနိုင်တဲ့ အနေအထားမှာ လက်ခံမယ်ဆိုပြီး ဖြားယောင်းပြီး ခေါ်လိုက်တာ။ ခေါ်လိုက်တဲ့ဟာကို သူတို့က ယုံကြည်ပြီးတော့မှ သွားတဲ့အခါမှာ တကယ်တမ်းကျတော့ အဲလိုမဖြစ်ဘဲနဲ့ သူတို့ကို ကားပေါ်တင်ပြီးတော့ ရပခ ထဲ တန်းပို့လိုက်တာ။ ပြီးတော့ လက်နက်ချပါတယ်လို့ လုပ်လိုက်တဲ့ အခါမှာကျတော့ နောက်ကျန်တဲ့ ထပ်လိုက်သွားမယ့် ခွန်တန်အပါအဝင် အင်အားစုတွေက အဲဒီအခြေအနေကို သိပြီး ထပ်မလိုက်ဘဲနဲ့ တိုက်ပွဲပြန်ဖြစ်ပြီးတော့မှ ကျနော်တို့ဘက်ကို ပြန်ရောက်လာတာပါ။”ဟု ရှင်းလင်းပြောဆိုသည်။

၂၀၂၃-၂၀၂၄ ခုနှစ်အတွင်းကလည်း အဆိုပါ ခွန်တန်နှင့် နောက်လိုက်များကို PNO/PNA ပြည်သူ့စစ်က သွေးဆောင်ဖြားယောင်းခေါ်ယူကာ ပင်လောင်းမြို့နယ်တိုက်ပွဲများတွင် တော်လှန်ရေးအင်အားစုများကို ဆန့်ကျင်တိုက်ခိုက်ခိုင်းရန် အသုံးချခဲ့ဖူးသည်။

သို့သော် PNO/PNA ပြည်သူ့စစ်၏ အသုံးချမှုကို မခံနိုင်တော့သဖြင့် ခွန်တန်နှင့် အဖွဲ့သည် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့တွင် PNLO/PNLA ထံသို့ ပြန်လည်ခိုလှုံခဲ့ရာ ကောင်းမွန်စွာ လက်ခံစောင့်ရှောက်ပြီး တပ်ရင်းတစ်ရင်းအဖြစ် စနစ်တကျ ဖွဲ့စည်းပေးခဲ့သည်။

ယခုနှစ် ဧပြီလ ၂၆ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသ၌ လှုပ်ရှားနေသည့် PNLO/PNLA လက်အောက်ခံ တပ်ရင်း ၃၅၉ မှ ခွန်တန်အပါအဝင် အမျိုးသား ၆၁ ဦးသည် လက်နက်တို ၂၇ လက်၊ လက်နက်ရှည် ၃ လက်နှင့်တကွ PNO/PNA ထံ အလင်းဝင်ရောက်လာပြီး၊ ၎င်းတို့ကို ရှမ်းပြည်နယ်အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) က လက်ခံခဲ့သည်ဟု စစ်ကောင်စီနှင့် လက်အောက်ခံ PNO/PNA တို့က ဝါဒဖြန့်ချိခဲ့ကြောင်း သိရှိရသည်။

ခွန်တန် (ခ) ဇာတ်လိုက်သည် သထုံမြို့နယ် ဇရစ်ချောင်ကျေးရွာအုပ်စု အလံတရာနယ်မြေ၌ အလံတစ်ရာဆရာ တော် ဝင်စားသည်ဟုဆိုကာ ဒေသခံအချို့၏ ယုံကြည်ကိုးကွယ်မှုကို ခံခဲ့ရသူ ဖြစ်သည်။ ယင်းအချက်ကို အခွင့်ကောင်းယူကာ ၂၀၁၄ မှ ၂၀၁၆ ခုနှစ်အတွင်း အလံတစ်ရာနယ်မြေရှိ မိန်းမပျိုလေးများကို လက်ထပ်ခြင်း၊ ဆင်းရဲနွမ်းပါးသူများကို အခကြေးငွေမက်လုံးပေး၍ ပန်းဦးဆက်ခိုင်းခြင်း၊ ပန်းဦးမဆက်နိုင်ပါက သာသနာ့နယ်မြေတွင် နေထိုင်ခွင့်မပြုဟုဆိုကာ ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့သည်။

ယင်းကဲ့သို့ ဘာသာရေးကို ခုတုံးလုပ်ကာ အရွယ်မရောက်သေးသည့် အမျိုးသမီးငယ်များအား အဓမ္မပေါင်းသင်းနေထိုင်မှုကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် အမှုဖွင့်လှစ်ခြင်း ခံခဲ့ရသဖြင့် ထွက်ပြေးတိမ်းရှောင်ကာ PNLO/PNLA ထိန်းချုပ်ရာ ဗန်းမတ်ဒေသ၌ လာရောက်ခိုလှုံခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ရောက်ရှိလာချိန်တွင် ပအိုဝ်းဒေသရှိ ထေရ်ကြီးဝါကြီး ဆရာတော်သံဃာတော်များနှင့် ဒေသခံလူထု ရပ်မိ ရပ်ဖများက PNLO ဥက္ကဋ္ဌထံသို့ လက်မှတ်ရေးထိုး၍ မေတ္တာရပ်ခံ တောင်းဆိုခဲ့ကြသဖြင့် PNLO/PNLA အနေ ဖြင့် ဒုက္ခရောက်နေသည့် ပအိုဝ်းလူငယ်တစ်ဦးအနေဖြင့် လူသားချင်းစာနာစွာ ကောင်းမွန်စွာ လက်ခံစောင့်ရှောက်ပေးထားခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

ဓာတ်ပုံ- ယခုနှစ် ဧပြီလအတွင်း စစ်တပ်ထံတွင် လက်နက်ချသည်ဟုဆိုကာ လိမ်လည်ခြင်းခံခဲ့ရသည့် ခွန်တန်နှင့်အဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article