ရန်ကုန်၊ မေ ၁၈
စစ်အာဏာရှင်တော်လှန်ရေးတစ်ရပ်လုံးကို ဦးဆောင်နိုင်မည့် ခိုင်မာအားကောင်းသော စုဖွဲ့မှုတစ်ရပ် ပေါ်ပေါက်လာရေးအတွက် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခွန်အောင်မန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ထုတ်ဖော်ပြောကြားသည်။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) ၏ ဗဟိုကော်မတီ မျက်နှာစုံညီအစည်းအဝေး (၀၈/၂၀၂၆) ကို မေလ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပခဲ့ပြီး၊ တော်လှန်ရေးတစ်ရပ်လုံးကို ကိုယ်စားပြုနိုင်မည့် ခိုင်မာကျယ်ပြန့်အားကောင်းသော ဦးဆောင်မှုတစ်ရပ် ပေါ်ပေါက်ရေးတွင် ပွင့်လင်းတက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားရန် အဆိုပါ အစည်းအဝေးက အတည်ပြု ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပါဝင်သည့် ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) နှင့် ပူးပေါင်းဆောင်ရွက်မည်လားဟု မေးမြန်းရာတွင် ဗိုလ်မှူးကြီး ခွန်အောင်မန်းက အားကောင်းသော တော်လှန်ရေး အစုအဖွဲ့ကို ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဖြေဆိုသည်။
“SCEF နဲ့ ပူးပေါင်းမယ်လို့ တိုက်ရိုက်ဆိုလိုတာ မဟုတ်ပေမယ့် အဓိကကတော့ တော်လှန်ရေးတစ်ရပ်လုံးကို ဦးဆောင်နိုင်တဲ့ ခိုင်မာတဲ့ ခေါင်းဆောင်မှု အစုအဖွဲ့ ပေါ်ပေါက်မယ်၊ စုစည်းမယ်ဆိုရင်တော့ ကျနော်တို့ ပူးပေါင်းပါဝင်မယ်။ တက်ကြွစွာ ပါဝင်မယ်လို့ ရည်ရွယ်တာမျိုး ဖြစ်ပါတယ်”ဟု ၎င်းက ရှင်းပြသည်။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံသစ် ပေါ်ထွန်းရေး ရည်မှန်းချက်ကို မြဲမြံစွာ ဆုပ်ကိုင်ထားပြီး၊ ပအိုဝ်းပြည်သူများအပါအဝင် လူမျိုးပေါင်းစုံ ပြည်သူလူထုအား ရန်သူသတ်မှတ်ကာ အနိုင်ကျင့်ဗိုလ်ကျ ဖိနှိပ်နေသော စစ်အုပ်စုနှင့် စစ်အာဏာရှင်စနစ်ဆိုးကို ဆန့်ကျင်တော်လှန်၍ စနစ်ပြောင်းခေတ်ပြောင်း လူထုနွေဦးတော်လှန်ရေးတွင် ဆက်လက်ပူးပေါင်းဆင်နွှဲသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
ထို့ပြင် စစ်အုပ်စုမှ ပြုလုပ်လာမည့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အမည်ခံ အတုအယောင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုလည်း သတိကြီးစွာဖြင့် ရှောင်ရှားသွားမည် ဖြစ်သည်။ ခေတ်အဆက်ဆက် NCA တွင် အသိသက်သေအဖြစ် လက်မှတ်ရေးထိုးခဲ့ကြသော ကမ္ဘာ့ကုလသမဂ္ဂ (UN)၊ ဥရောပသမဂ္ဂ (EU)၊ အာဆီယံ (ASEAN) နှင့် ကမ္ဘာ့နိုင်ငံအစိုးရများအပါအဝင် နိုင်ငံတကာမိသားစုများနှင့်အတူ ပူးပေါင်းဆန့်ကျင် တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး၊ ရေရှည်တည်တံ့ခိုင်မြဲသော စစ်မှန်သည့် ငြိမ်းချမ်းရေးရရှိရန် ဆက်လက်ဆောင်ရွက်မည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလားတူပင် လက်ရှိ မြေပြင်တွင် စစ်ဘေးစစ်ဒဏ် ခံစားနေရသော ပအိုဝ်းပြည်သူများအပါအဝင် လူမျိုးပေါင်းစုံ ပြည်သူလူထုတစ်ရပ်လုံးအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ရရှိရေးနှင့် တော်လှန်ရေးအထောက် အကူပြု အကူအညီများ ရရှိရေးလုပ်ငန်းစဉ်များတွင်လည်း အဆင့်ဆင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆက်လက်အသိပေးထားသည်




