29.7 C
Yangon

တာချီလိတ်မြို့ရှိ ကျားဖြန့် ငွေလိမ်ဂိုဏ်းများက လူကုန်ကူးခံထားရသော အလုပ်သမားများကို တရုတ်မြေရှားသတ္တုတွင်းများထံသို့ ထပ်မံ ရောင်းစား ကျွန်ပြုစေခိုင်းနေ

Must read

ရန်ကုန်၊ မေ ၁၉

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းက ၎င်းတို့ထံတွင် ရောက်ရှိနေသော လူကုန်ကူးခံရသည့် အလုပ်သမားများကို တရုတ်မြေရှားသတ္တုတွင်းများသို့ ပို့ဆောင် ထပ်မံရောင်းစား ကျွန်ပြုစေခိုင်းမှုများရှိနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် – SHRF ၏ ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

၂၀၂၅ ခုနှစ်၊ ဧပြီလတွင် တာချီလိတ်မြို့ရှိ ‘ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် – UWSA ပိုင် ရောင်နီဦး ဝန်းအတွင်းရှိ တရုတ်အွန်လိုင်းငွေလိမ်ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်နေသော အသက် ၂၅ နှစ်အရွယ် ကိုသက် (အမည်လွှဲ) ၊ ကိုမျိုးနှင့် ကိုစိုင်းမိန်းတို့ကို စာရင်းကိုင်ကြီးကြပ်တရုတ်အမျိုးသမီးက ငွေအလွဲသုံးစား လုပ်သည်ဟုဆိုကာ မတရားစွပ်စွဲပြီး မြေရှားသတ္ထုတွင်းလုပ်ငန်းခွင်အတွင်းသို့ ရောင်းစား လိုက်ကြောင်း သိရသည်။

“UWSA နဲ့ပေါင်းပြီး ရောင်းစားတာ ဟုတ်၊ မဟုတ် မသိပေမယ့် ကျားဖြန့်အလုပ်သမားတွေကို UWSA ထိန်းချုပ်တဲ့ ဒေသက သတ္ထုတွင်းတွေဆီ အလုပ်လုပ်ဖို့ ရောင်းစားခံရတာကတော့ သေချာတယ်။ လောလောဆယ် ရောင်းစားခံရတဲ့သူ အရေအတွက် အတိအကျသိရတာက ၃ ယောက်ပဲ။ အဲဒါထက် ပိုနိုင်တယ်ဆိုပေမယ့် အတိအကျ မသိရတာက ခက်တယ်” ဟု ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင် – SHRF ၏ ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ထိုသို့ရောင်းစားပြီးနောက် အဆိုပါ လူကုန်းကူးခံ အလုပ်သမား ၃ ဦးကို မြန်မာရဲအရာရှိ တစ်ဦးက ကားဖြင့် မိုင်းဆတ်တောင်ပိုင်း ရှိ မိုင်းယွန်းသို့ ပို့ဆောင်ခဲ့ပြီး UWSA စစ်သားများထံသို့ လွှဲပြောင်းပေးခဲ့ကြောင်း၊ ထို့နောက် ထိုင်းနယ် စပ်နှင့် ရှစ်ကီလိုမီတာခန့်အကွာ နမ့်ခုတ်မြစ်အရှေ့ဘက်ကမ်းရှိ တရုတ်ကုမ္ပဏီတစ်ခုက လုပ်ကိုင်နေ သော မြေရှားသတ္တုတွင်းသို့ ပို့ဆောင်ခြင်း ခံခဲ့ရကြောင်း သိရသည်။

ကိုသက်၊ ကိုမျိုးနှင့် ကိုစိုင်းမိန်းတို့ ၃ ဦး အပါအဝင် UWSA အကျဉ်း သား ၃၀ ခန့်နှင့်အတူ သတ္တုတွင်း၌ ဖမ်းဆီးထားပြီး၊ မြေတူးခြင်းနှင့် ပစ္စည်းသယ်ယူခြင်းကဲ့သို့သော ပင်ပန်းကြီးလှသည့် အလုပ်များကို စေခိုင်းခဲ့ကြောင်း၊ တစ်ခါတစ်ရံတွင် နမ့်ခုတ်မြစ်အနောက်ဘက် ကမ်းရှိ ယင်းကုမ္ပဏီ၏ အခြားမြေရှားသတ္တုတွင်းတစ်ခုတွင်လည်း သွားရောက်လုပ်ကိုင်ပေးခဲ့ရ ကြောင်း သိရသည်။

ယင်းတရုတ်သတ္တုတွင်း ဝန်ထမ်း ၅၀ ကျော်ရှိပြီး မြန်မာနိုင်ငံ အနှံအပြားမှ လာသည့် ပုံမှန် အလုပ် သမား ၁၀၀ ခန့်ရှိကြောင်း၊ ၎င်းတို့ကို UWSA စစ်သား ၅၀ ခန့်က စောင့်ကြပ်နေကြောင်း သိရသည်။

ထို့နောက် ၎င်းတို့ကို UWSA အချုပ်ခန်းသို့ ပို့ဆောင်ခဲ့ပြီး တရုတ်နယ်စပ်အနီး UWSA မြောက်ပိုင်းဒေသ မိုင်းပေါက်ရှိ ထိုကုမ္ပဏီ၏ အခြားမြေရှားသတ္တုတွင်းတစ်ခုသို့ ထပ်မံပြောင်း ရွှေ့ခဲ့ကြောင်း၊ ရောင်းစားခံထားရသည့် အလုပ်သမား ကိုသက်မှာမူ မိုင်းယွန်းသတ္တုတွင်း၌ နှစ်လကြာ နေခဲ့ရပြီးနောက် နောက်ဆုံးတွင် ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း သိရသည်။

၎င်းနှင့်အတူ ရောင်စားခံခဲ့ရသည့် ကိုစိုင်းမိန်းမှာ မိသားစုဝင်များက ပြည်သူ့စစ်အဆက်အသွယ်ဖြင့် ပြန်လည် ရွေးယူနိုင်ခဲ့သော်လည်း ကိုမျိုးမှာမူ အဆက်အသွယ်ပြတ်နေကြောင်း သိရသည်။

ဓာတ်ပုံ – တာချီလိတ်မြို့ရှိ ကျားဖြန့်ဝန်းတစ်ခုအတွင်း ကျားဖြန့်အလုပ်သမားများ ကို အပြစ်ပေးနေစဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article