29.7 C
Yangon

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်တွင် AA က ကလေးသူငယ် ၉၀ ဦး အပါအဝင် ရိုဟင်ဂျာ ၁၇၀ ဦးထက်မနည်းကို သတ်ဖြတ်ခဲ့ဟု HRW က အစီရင်ခံစာ ထုတ်ပြန်

Must read

ရန်ကုန်၊ မေ ၁၉

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်ရှိ ဟွိုင်ယာဆီရီ (Hoyyar Siri) သို့မဟုတ် ထန်းရှောက်ခန်ကျေးရွာတွင် ရိုဟင်ဂျာမွတ်စလင်ကျေးရွာတွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ မေလ ၂ ရက်နေ့က အာရက္ခတပ်တော် (AA) က ကလေးသူငယ် ၉၀ ဦးအပါအဝင် အနည်းဆုံး ရိုဟင်ဂျာအရပ်သား ၁၇၀ ဦးထက်မနည်းကို အစု လိုက်အပြုံလိုက် ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch – HRW) က ယနေ့တွင် အသေးစိတ်အစီရင်ခံစာ ထုတ်ပြန်လိုက်သည်။

အဆိုပါ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်သည် ဖြစ်ပွားခဲ့ပြီး နှစ်နှစ်နီးပါးအကြာ သေဘေးမှ လွတ် မြောက်လာသူများ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းများသို့ ရောက်ရှိလာချိန်မှသာ သက်သေအထောက်အထားများနှင့်တကွ ကမ္ဘာက သိရှိအောင် ထုတ်ဖော်နိုင်ခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲများအကြား ရိုဟင်ဂျာအရပ်သားများ ပိတ်မိခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ HRW ၏ ထုတ်ပြန်ချက်တွင် ၂၀၂၄ ခုနှစ် ၊ ဧပြီလအတွင်း ဘူးသီးတောင်မြို့နယ်၌ မြန်မာစစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA) တို့အ ကြား တိုက်ပွဲများ အကြီး အကျယ် ပြင်းထန်ခဲ့သည်။ ဟွိုင်ယာဆီရီကျေးရွာသည် စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ် ကဲမှုဌာနချုပ် (စကခ-၁၅) နှင့် ခမရ-၅၅၁ တပ်ရင်းတို့အကြား တည်ရှိသဖြင့် အခြားဒေသမှ စစ်ဘေးရှောင်ရိုဟင်ဂျာ ရာပေါင်းများစွာမှာ ဘေးလွတ်ရာဟု ယူဆကာ လာရောက်ခိုလှုံခဲ့ကြသည်။

တိုက်ပွဲမတိုင်မီ စစ်ကောင်စီက ရိုဟင်ဂျာလူငယ်များကို အဓမ္မစစ်သားစုဆောင်းခဲ့ပြီး ရွာသားများကို မထွက်ခွာရန် အမိန့်ပေးခဲ့သလို၊ AA ဘက်ကလည်း ရွာသားများကို အရေးပေါ်ရွှေ့ပြောင်းရန် သတိပေးခဲ့သဖြင့် ပြည်သူများမှာ မည်သည့်ဘက်သို့ သွားရမည်ကို မသိဘဲ ပိတ်မိနေခဲ့ကြသည်။

၂၀၂၄ ခုနှစ် မေလ ၂ ရက်နေ့ အရုဏ်တက်ချိန် အကြမ်းဖက်စစ်တပ်၏ စကခ-၁၅ စခန်းကျဆုံးပြီးနောက် စစ်ကောင်စီစစ်သားများ ရွာထဲသို့ ဆုတ်ခွာဝင်ရောက်လာသဖြင့် ရွာသားများမှာ တိုက်ပွဲကြားညှပ်မည်ကို စိုးရိမ်ကာ နံနက် ၇ နာရီခန့်တွင် အဖြူရောင်အလံများ ကိုင်ဆောင်၍ ဘူးသီးတောင်မြို့ဘက်သို့ အုပ်စုလိုက် ထွက်ပြေးခဲ့ကြသည်။

သို့သော် “တိုင်နာမူရာ” (Toinna Mura) ကုန်းအနီးသို့ ရောက်ရှိစဉ် အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်များ ပေါ် လာပြီး လက်နက်မဲ့အရပ်သားများကို ဘာသတိပေးချက်မှမရှိဘဲ လမ်းဘေးနှင့် စပါးခင်းများထဲအထိ လိုက်လံကာ သေနတ်၊ ဓားမောက်များဖြင့် အနီးကပ် ဝိုင်းဝန်းပစ်ခတ်သတ်ဖြတ်ခဲ့သည်။ HRW အနေဖြင့် သေဆုံး/ပျောက် ဆုံးသူ ၁၇၀ ကျော်၏ အမည်စာရင်းကို အတည်ပြုနိုင်ခဲ့ပြီး ရိုဟင်ဂျာတက်ကြွလှုပ်ရှားသူများကမူ သေဆုံးသူ ၅၀၀ ခန့်အထိ ရှိနိုင်သည်ဟု ဆိုသည်။

အရပ်သားများကို သတ်ဖြတ်ပြီးနောက် AA တပ်ဖွဲ့ဝင်များသည် ဟွိုင်ယာဆီရီကျေးရွာရှိ နေအိမ်များကို လုယက်ကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း မျက်မြင်သက်သေများနှင့် ဂြိုဟ်တုဓာတ်ပုံမှတ်တမ်းများအရ သိရသည်။

အကြမ်းဖက်စစ်တပ်၏ ရိုဟင်ဂျာမွတ်စလင်နှင့် ရခိုင်ဗုဒ္ဓဘာသာဝင်များအကြား လူမျိုးရေးပဋိပက္ခဖြစ်အောင် သွေးထိုးလှုံ့ဆော်မှုများ ရှိခဲ့သော်လည်း လက်တွေ့တွင် AA ဘက်ကလည်း အရပ်သားနှင့် စစ်သား မခွဲခြားဘဲ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို ကျူးလွန်ခဲ့ကြောင်း HRW ၏ စုံစမ်းစစ်ဆေးမှုများက ထောက်ပြနေသည်။

ယူအယ်လ်အေ (ULA/AA) ဘက်ကမူ အရပ်သားများကို သတ်ဖြတ်ခြင်းမရှိကြောင်း အစဥ်အဆက် ငြင်းဆိုထားပြီး သေဆုံးသူများသည် စစ်ကောင်စီတပ်သားများနှင့် ရိုဟင်ဂျာစစ်သားစုဆောင်းခံရသူများသာဖြစ်သည်ဟု ဆိုသည်။

သို့သော် HRW ၏ ဒစ်ဂျစ်တယ်စုံစမ်းစစ်ဆေးမှုအရ စပါးခင်းများအတွင်း အရပ်သားအဝတ်အစားများနှင့်အတူ ဦးခေါင်းခွံများ၊ အရိုးစုများစွာ ကျန်ရစ်ခဲ့သည့် ဗီဒီယိုနှင့် ဓာတ်ပုံမှတ်တမ်းများကို ဖော်ထုတ်နိုင်ခဲ့သည်။ ထို့ပြင် AA သည် ကျန်ရစ်သည့် ရွာသားများကို သတ်ဖြတ်မှုမရှိကြောင်း မီဒီယာများရှေ့တွင် ရုပ်သံဖြင့် လိမ်လည်ထွက်ဆိုရန် ခြိမ်းခြောက်အကျပ်ကိုင်ခဲ့သည်ဟု သေဘေးမှ လွတ်မြောက်လာသူများက ထွက်ဆိုထားသည်။

မီးလောင်ပျက်စီးသွားသည့် ဟွိုင်ယာဆီရီကျေးရွာသို့ မည်သူမျှ ပြန်လည်မနေထိုင်နိုင်တော့ဘဲ လက်ရှိတွင် သားကောင်ဖြစ်ခဲ့ရသည့် ရိုဟင်ဂျာအများစုကို AA က “နတ်စော်ပါး” (Nassawr Para) ခေါ် ယာယီစခန်းတစ်ခုသို့ အဓမ္မပြောင်းရွှေ့စေကာ အကျဉ်းသားများသဖွယ် အမြဲတမ်းစောင့်ကြည့်ထိန်းချုပ်ထားပြီး၊ အတင်းအဓမ္မ လုပ် အားပေးခိုင်းစေမှုများ ပြုလုပ်နေသည်။ အချို့မှာမူ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းများသို့ စွန့်စားထွက်ပြေး လွတ်မြောက်လာခဲ့ကြသည်။

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က အာရက္ခတပ်တော် (AA) အနေဖြင့် အရပ်သားများအပေါ် တိုက်ခိုက်မှု၊ ဖမ်းဆီးမှုနှင့် အဓမ္မလုပ်အားပေးခိုင်းစေမှုများကို ချက်ချင်းရပ်တန့်ရန်နှင့် နိုင်ငံတကာစုံစမ်းစစ်ဆေးရေးအဖွဲ့ (IIMM) ကို အမှုအား ဝင်ရောက်စစ်ဆေးခွင့်ပေးရန် တောင်းဆိုထားသည်။

ထို့ပြင် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရများအနေဖြင့် မြန်မာစစ်ကောင်စီနှင့် AA တပ်ဖွဲ့တို့၏ စစ်ရာဇဝတ်မှုများကို ထိရောက်စွာ အရေးယူနိုင်ရေးအတွက် လက်နက်ပိတ်ဆို့မှုများနှင့် ပစ်မှတ်ထားအရေးယူမှုများ အမြန်ဆုံးပြုလုပ်ရန် တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article