ရန်ကုန်၊ မေ ၁၉
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့ပေါ်တွင် အကြမ်းဖက်စစ်တပ်နှင့် ထွေ/အုပ်အဖွဲ့များ ပူးပေါင်းကာ နေ့စဉ် ရက်ဆက် လူ ငယ်များကို အဓမ္မပေါ်တာဆွဲပြီး ဖမ်းဆီးခံရသော လူငယ်များထံမှ သိန်းရာချီ တောင်းခံကာ ပြန်ပေးဆွဲငွေညှစ်နေကြောင်း ဒေသ ခံပြည်သူများ၏ ပြောကြားချက်အရ သိရှိရသည်။
နေ့စဉ် နံနက် ၆ နာရီမှစတင်၍ ညပိုင်းအထိ ကျောက်ပန်းတောင်းမြို့ပေါ်တွင် စစ်တပ်က အချိန်ပြည့် ပေါ်တာဆွဲဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် ပန်းရံ၊ လက်သမား၊ ဝပ်ရှော့၊ တွင်ခုံ၊ ကားပန်းပဲနှင့် ဆေးသုတ်လုပ်ငန်း လုပ်ကိုင်ကြသည့် သာမန်လက်လုပ် လက်စား ပြည်သူများမှာ အလုပ်မလုပ်ရဲတော့ဘဲ တိမ်းရှောင်နေကြရသဖြင့် စားဝတ်နေရေး အကျပ်အတည်းဖြစ်နေကြောင်း သိရှိရသည်။
“အခုက မြို့ပေါ်မှာ ဘာအလုပ်မှ မယ်မယ်ရရ မလုပ်ရတော့ဘူး။ နေ့တိုင်းကို လိုက်ဆွဲနေတာ။ ဖမ်းမိရင်လည်း သူ့လူကိုယ့်လူ မခွဲခြားတော့ဘဲ လူကို ပိုက်ဆံထုပ်လို သဘောထားပြီး ငွေညှစ်ဖို့ပဲ ကြည့်တော့တယ်။ ဘယ်သွားလို့ သွားရမှန်းလည်း မသိ၊ ဘယ်သူ့ကို တိုင်ရမှန်းလည်း မသိဘဲ ဘဝတွေ ပျက်နေကြရပြီ” ဟု ကျောက်ပန်းတောင်းဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
စစ်တပ် အပါအဝင် ဌာနပေါင်းစုံ အဖွဲ့စုံက ပေါ်တာဆွဲဖမ်းဆီးပြီးလျှင် ချက်ချင်းပင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ထွေအုပ်) ရုံးအတွင်းသို့ ခေါ်ဆောင်သွားပြီး ၎င်းတို့ သတ်မှတ်သည့် ငွေကြေးပမာဏအတိုင်း မိသားစုဝင်များနှင့် စျေးညှိကာ ငွေညှစ်လွှတ်ပေးခြင်းမျိုး လုပ်ဆောင်နေကြောင်း၊ လမ်းပေါ်တွင် ဖမ်းဆီးခံရသည့်အချိန် ချက်ချင်းဆိုသလို အသိအမြန်ရှိပါက K-pay မှတစ်ဆင့် ငွေကျပ် သိန်း ၂၀ လွှဲပြောင်းပေးရပြီး ရောက်သည့်နေရာတွင် ပြန်ချပေးခဲ့ကြောင်း၊ အကယ်၍ ထွေအုပ်ရုံးထဲသို့ ပါသွားခဲ့ပါက အနည်းဆုံး ငွေကျပ် သိန်း ၆၀ မှ သိန်း ၂၀၀ အထိ တောင်းခံသည့်အပြင် ကြားထဲမှ ညှိနှိုင်းပေးမည်ဆိုသည့် စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) များကိုလည်း လေးငါးဆယ်သိန်း ထပ်မံပေးဆောင်ရကြောင်း သိရသည်။
ထို့ပြင် အဆိုပါ အဓမ္မပေါ်တာဆွဲ ငွေညှစ်မှုတွင် အသက်မပြည့်သူများနှင့် အသက်ကျော်လွန်သူများပါမချန် ဖမ်းဆီးငွေတောင်းခံနေပြီး၊ ပြည်သူများမှာ မိမိတို့၌ မရှိရှိသည့် မြေယာ၊ အိမ်ခြံမြေနှင့် ဆိုင်ကယ်များကို ရောင်းချ ပေါင်နှံပြီး လာရောက်ရွေးချယ်နေကြရကြောင်း၊ ငွေပေး၍ ပြန်လည်လွတ်မြောက်လာချိန်တွင်လည်း “မည်သည့်ငွေကြေးမျှ ပေးဆောင်ခဲ့ရခြင်းမရှိပါ” ဆိုသည့် ခံဝန်ကတိကဝတ်ကို အဓမ္မလက်မှတ်ထိုးခိုင်းသည့်အပြင်၊ ပြင်ပသို့ သတင်းပေါက်ကြားပါက ပြန်လည်ဖမ်းဆီးမည်ဟု ခြိမ်း ခြောက်မှုများ ပြုလုပ်နေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်နှင့် လမ်းဆုံတွင် အလုပ်သွား အလုပ်ပြန်သော လူငယ်များနှင့် လူကြီးအပါအဝင် လူငယ် ၂၀ကျော်ကို အကြမ်းဖက် စစ်တပ် ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ယမန်နေ့ မေလ ၁၈ ရက်နေ့ မုံရွာမြို့ပေါ်ရှိ စက်မှုလမ်းနှင့် နန္ဒဝန်လမ်း၊ သလ္လာဝတီဆိပ်ကမ်းလမ်းတို့တွင် အလုပ်သွား အလုပ်ပြန်သော လူငယ်များနှင့် လူကြီးအပါအဝင် လူငယ် ၂၀ကျော်ကို အကြမ်းဖက် စစ်တပ် ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း၊ ထိုအကြမ်းဖက် စစ်တပ်၏ ပေါ်တာဆွဲခံရသူများသည် အသက် ၁၇ နှစ်အရွယ်မှ အသက် ၄၀ နှစ်ဝန်းကျင်ခန့်ရှိသော အမျိုးသားဖြစ်ကြောင်း သိရှိရသည်။
“စစ်ခွေးတွေ မနေ့က တစ်ရက်ထဲကို မုံရွာမြို့ပေါ်ရှိ စက်မှုလမ်းနှင့် နန္ဒဝန်လမ်း၊ သလ္လာဝတီဆိပ်ကမ်းလမ်းတို့တွင် အလုပ်သွား အလုပ်ပြန်သော လူငယ်များနှင့် လူကြီးအပါအဝင် လူငယ် ၂၀ကျော်ကို ပေါ်တာဆွဲဖမ်းဆီးတယ်။ လက်ရှိမှာ စစ်ခွေးတွေက ပေါ်တာဆွဲဖမ်းဆီးထားသူများကို ဘယ်မှာ ဖမ်းဆီးထားလဲဆိုတာ မသိရသေးဘူး”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က ယခုနှစ် မေလအတွင်း စစ်မှုထမ်းအပတ်စဥ် ၂၅ ကို ဖွင့်လှစ်ရန် ပြင်ဆင်နေကြောင်း သိရှိရသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်က ညပိုင်း မြို့ပြဒေသများ တွင် ကင်းလှည့်နေစဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)




