ရန်ကုန်၊ မေ ၂၂
ကရင်ပြည်နယ်ရှိ ကျားဖြန့်ဂိုဏ်းများကို ကာကွယ်ပေးနေသော မြန်မာစစ် တပ်၏ မဟာမိတ် ဗိုလ်မှူးကြီး စောချစ်သူ အပါအဝင် BGF ခေါင်းဆောင်များကို တရုတ်အစိုးရက ဖမ်းဝရမ်းထုတ်ခြင်းမပြုဘဲ လျစ်လျူရှုထားခြင်းဖြင့် အမေရိကန်ပြည်ထောင်စု၏ အမျိုးသားလုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက်နေကြောင်း အမေရိကန်အောက်လွှတ်တော် တရုတ်ကွန်မြူနစ်ပါတီဆိုင်ရာ အထူးကော်မတီ (The Select Committee on the CCP) ၏ တရားဝင်စုံစမ်းစစ်ဆေးမှု အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုအလွန် ပဋိပက္ခစီးပွားရေးနှင့်အတူ ကြီးထွားလာသည့် အွန်လိုင်းကျားဖြန့် လိမ်လည်မှုလုပ်ငန်းများသည် တရုတ်နိုင်ငံ၏ အကျိုးစီးပွားကို တိုက်ရိုက်ထိခိုက်နေသော်လည်း၊ ပေကျင်းအစိုးရအနေဖြင့် ကိုးကန့်ဒေသမှ BGF ခေါင်းဆောင်များကို ဖမ်းဝရမ်းထုတ်ကာ ပြတ်သားစွာ နှိမ်နင်းခဲ့သလိုမျိုး ကရင်ပြည်နယ်မှ BGF ခေါင်းဆောင် စောချစ်သူအပေါ် တိုက်ရိုက်ဖိအားပေးခြင်း မရှိပေ။
တရုတ်အစိုးရသည် မြန်မာစစ်တပ်မှတစ်ဆင့်သာ သွယ်ဝိုက်၍ ဖိအားပေးပြီး၊ စစ်ကောင်စီနှင့် ပူးပေါင်းထားသည့် အရေးပါသော BGF နှင့် ပြည်သူ့စစ်အဖွဲ့များကို ပြိုကွဲသွားစေနိုင်သည့် အရေးယူမှုမျိုးအထိ မရောက်ရှိစေဘဲ “ကန့်သတ်ချက်ရှိသော အရေးယူမှုပုံစံ ကိုသာ ကျင့်သုံးနေသည်ဟု ထောက်ပြထားသည်။
တစ်ဖက်တွင်လည်း စောချစ်သူနှင့် ကရင် BGF အဖွဲ့များက စစ်တပ်၏ ဖိအားပြင်းထန်လာပါက စစ်ကောင်စီထံမှ ခွဲထွက်မည်ဟု ထပ်ခါတလဲလဲ ခြိမ်း ခြောက်လေ့ရှိသဖြင့်၊ နယ်စပ်ဒေသထိန်းချုပ်ရေးအတွက် ၎င်းတို့အပေါ် မှီခိုနေရသော မြန်မာစစ်တပ်အနေဖြင့်လည်း BGF အပေါ် ဖိအားပေးမှုများကို လျှော့ ချပေးရန် တွန်းအားများ ရှိနေသည်။
မြန်မာနိုင်ငံ၏ ကျားဖြန့်ငွေလိမ်ဂိုဏ်းများသည် ဆယ်စုနှစ်ပေါင်းများစွာ အချုပ်အခြာအာဏာ ပြိုကွဲမှုနှင့် လက်နက်ကိုင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်များကြောင့် ဖြစ်တည်လာသည့် ပြည်သူ့စစ်များ အုပ်ချုပ်ရာ နယ်စပ်ဒေသ ကန့်သတ်နယ်မြေများ (Border Enclaves) တွင် အခြေစိုက် တည်ရှိနေခြင်း ဖြစ်သည်။
မြန်မာနိုင်ငံသည် ရာဇဝတ်မှုများ ကျူးလွန်ရန် လွယ်ကူသည့် သာမန် “ကျရှုံးနိုင်ငံတစ်ခု၏ လေဟာနယ်” (Failed-state Vacuum) မျှသာ မဟုတ်ဘဲ၊ လက်နက်ကိုင်အဖွဲ့အစည်းများက နယ်မြေကို ထိန်းချုပ်ထားခြင်း၊ သီးသန့်ကန့်သတ်နယ်မြေ စီရင်ပိုင်ခွင့်များကို စီမံခန့်ခွဲခြင်းနှင့် လုံခြုံရေးအကာအကွယ်ပေးမှုကို ငွေကြေးအဖြစ် ပြောင်းလဲရှာဖွေခြင်း စသည့် အုပ်ချုပ်ရေး ပတ်ဝန်းကျင်တစ်ခု ဖြစ်ပေါ်နေပြီး၊ ယင်းအခြေအနေအားလုံးကို တရုတ်နိုင်ငံ၏ သံတမန်ရေးရာနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ရွေးချယ်မှုများက သိသိသာသာ အထောက်အပံ့ ဖြစ်စေခဲ့သည်။
ကျားဖြန့်လုပ်ငန်းများသည် ကာစီနိုလောင်းကစားခြင်း၊ မူးယစ်ဆေးဝါး မှောင်ခိုကူးခြင်းနှင့် တရားမဝင် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုများ အပါအဝင် ကာလရှည်ကြာ တည်ရှိနေခဲ့သည့် နယ်စပ်ဒေသ တရားမဝင် စီးပွားရေးလုပ်ငန်းများနှင့်အတူ ပေါင်းစည်း ခိုင်မာလာခဲ့သည်။
၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းမီကပင် ကိုးကန့်၊ ဝ၊ မိုင်းလား နှင့် ကရင် ပြည်နယ် အစိတ်အပိုင်းအချို့ ကဲ့သို့သော တစ်ပိုင်းတစ်စ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများသည် နိုင်ငံရေးတည်ငြိမ်မှုရရှိရန်အတွက် ဗဟိုအစိုးရ၏ ကြီးကြပ်မှုကို ကန့်သတ်ထားသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များအောက်တွင် လည်ပတ်နေခဲ့ကြရာမှ၊ ကာစီနိုနယ်မြေများနှင့် အထူးစီးပွားရေးဇုန် ကဲ့သို့သော ဖွံ့ဖြိုးတက်မှုများက တရားဝင်မှုနှင့် တရားမဝင်မှုအကြား ဝေဝါးသွားစေသည့် ရေရှည်တည်တံ့သော “ဥပဒေအရ မရေရာသည့် မီးခိုးရောင်ဇုန်များ” (Regulatory Gray Zones) ကို ဖြစ်ပေါ်စေခဲ့သည်။
နောက်ပိုင်းတွင် ကျားဖြန့်လိမ်လည်မှုလုပ်ငန်း အဆောက်အအုံ များသည် နယ်မြေပိုင်းအရ သီးခြားခွဲထွက်နေခြင်း၊ လက် နက်ကိုင် ကာကွယ်မှုရှိခြင်းနှင့် တရုတ်ဘာသာသုံး စီးပွားရေးနှင့် ဘဏ္ဍာရေးကွန်ရက်များနှင့် ချိတ်ဆက်မှုရှိခြင်း စသည့် အချက်များပေါ်တွင် အခြေခံကာ တိုးချဲ့လာခဲ့ကြပြီး၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုအပြီး အမျိုးသားအဆင့် တရားဥပဒေစိုးမိုးရေးစနစ် ပြိုလဲသွားခြင်းက ယင်းမီးခိုးရောင်ဇုန်များကို “လုံခြုံရေး အကာအကွယ်ပေးသည့် စျေးကွက်များ အဖြစ်သို့ ပြောင်းလဲပစ်ခဲ့သည်။
ကျားဖြန့် လိမ်လည်မှု အဆောက်အအုံများသည် မြန်မာနိုင်ငံ၏ ပဋိပက္ခစီးပွားရေး ထဲတွင် မဟာဗျူဟာမြောက် နယ်မြေများ ဖြစ်လာခဲ့ပြီး၊ လက်နက်ကိုင်အဖွဲ့အစည်းများသည် ယင်းလုပ်ငန်းများမှ အကျိုးအမြတ် ရရှိရုံတင်မကဘဲ နယ်မြေစိုးမိုးရေး စစ်ဆင်ရေးများကို ဆင်နွှဲရန် အကြောင်းပြခြင်း၊ ပြင်ပနိုင်ငံများ၏ ဖိအားပေးမှုကို ဆွဲဆောင်ခြင်းနှင့် ပြိုင်ဘက်အင်အားစုများကို တရားမဝင်ကြောင်း ပုတ်ခတ်ခြင်းများအတွက်ပါ အသုံးချခဲ့ကြသည်။
မြန်မာနိုင်ငံသည် လက်ရှိခေတ်ပေါ် ကျားဖြန့်လိမ်လည်မှု များကို စတင်တီထွင်ခဲ့ခြင်း မဟုတ်သော်လည်း၊ စစ်အာဏာသိမ်းမှုအလွန် ပဋိပက္ခစီးပွားရေးသည် ကျားဖြန့်ငွေလိမ်ဂိုဏ်းများကို စီးပွားရေးဇုန်ကြီးများအဆင့်အထိ လျင်မြန်စွာ တိုးချဲ့နိုင်ရန်အတွက် လုံလောက်သော ခိုလှုံရာနေရာ၊ အဓမ္မလုပ်အားခိုင်းစေမှု ထိန်းချုပ်ခြင်းနှင့် နိုင်ငံရေးအရ အကာအကွယ်ပေးမှုတို့ကို ပံ့ပိုးပေးခဲ့သည်။
ကရင်ပြည်နယ် မြဝတီမြို့ပတ်ဝန်းကျင်ရှိ ထိုင်း-မြန်မာ နယ်စပ်ဒေသသည် အာဏာသိမ်းမှုအပြီးတွင် အရှိန်အဟုန်ဆုံး တိုးတက်လာသည့် ဗဟိုချက် ဖြစ်လာခဲ့ပြီး၊ KK Park၊ Huanya နှင့် Dongjiang ကဲ့သို့သော နေရာများသည် လုပ်ငန်းအမြင့်ဆုံးအချိန်များတွင် အလုပ်သမားပေါင်း သောင်းနှင့်ချီ၍ ရှိနေခဲ့သည်။
ကိုးကန့်ဒေသတွင် ၂၀၂၃ ခုနှစ်နှောင်းပိုင်းအပြီး လက်နက်ကိုင်ပဋိပက္ခများနှင့် တရုတ်နိုင်ငံ၏ ဖိအားပေးမှုများကြောင့် လောက်ကိုင်မြို့ရှိ ဗဟိုချက် ပြိုကွဲပျက်စီးခဲ့သော်လည်း၊ နေရာတစ်ခုတွင် ပျက်စီးသွားခြင်းသည် စနစ်တစ်ခုလုံး ပြိုလဲသွားခြင်းမျိုး မဟုတ်ဘဲ ပထဝီဝင်အနေအထားအရ နေရာရွှေ့ပြောင်း ပြင်ဆင်ခြင်းကိုသာ ထပ်ခါတလဲလဲ ဖြစ်ပေါ်စေခဲ့သည်။
မြန်မာနိုင်ငံတွင် ကျားဖြန့်ဂိုဏ်းများသည် စစ်ကောင်စီနှင့် ပူးပေါင်းထားသည့် ပြည်သူ့စစ်များ၏ အကာအကွယ်ပေးမှုနှင့် ကန့်သတ်နယ်မြေ အုပ်ချုပ်ရေးစနစ်များ၏ အဆင့်ဆင့်သော ပံ့ပိုးမှုများကြောင့် ရေရှည်တည်တံ့နေခြင်းဖြစ်ပြီး ယင်းကို တရုတ်နိုင်ငံနှင့် ဆက်စပ်နေသည့် ငွေလုံးငွေရင်းများနှင့် ငွေကြေးခဝါချမှုစနစ်များ၊ လျှော့တိလျှော့ရဲရှိသော နယ်စပ်ဖြတ်ကျော် တရားဥပဒေစိုးမိုးရေး အခြေအနေများက ထောက်ပံ့ပေးထားသည်။
ကရင်ပြည်နယ်တွင် မြန်မာစစ်တပ်နှင့် ပူးပေါင်းထားသည့် ကရင်နယ်ခြားစောင့်တပ် (BGF) က တရုတ်နိုင်ငံနှင့် ဆက်စပ်နေသည့် နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများ (TCOs) ထံသို့ နယ်မြေများကို ထိရောက်စွာ အငှားချ (Franchised) ခဲ့ပြီး၊ BGF အဖွဲ့ခေါင်းဆောင်ဖြစ်သူ စောချစ်သူက လိမ်လည်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံသူများအတွက် မြေယာလုပ်ပိုင်ခွင့်များနှင့် လုံခြုံရေးဝန်ဆောင်မှုများကို ကြားခံပွဲစားအဖြစ် ဆောင်ရွက်ပေးခဲ့ကာ၊ Yatai International Holdings ၏ တည်ထောင်သူ She Zhijiang နှင့် ပူးပေါင်း၍ ရွှေကုက္ကိုလ်စီမံကိန်းကို ၇၀/၃၀ အချိုးဖြင့် ဖွဲ့စည်းတည်ဆောက်ခဲ့သည်။ စောချစ်သူသည် နောက်ပိုင်းတွင် ဆိုက်ဘာလိမ်လည်မှုလုပ်ငန်းများကို ကူညီပံ့ပိုးပေးမှုကြောင့် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ပိတ်ဆို့အရေးယူမှုကို ခံခဲ့ရသည်။
၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းအတွင်း KNLA က မင်းလက်ပံ (Min Let Pan) ရှိ ကျားဖြန့် လိမ်လည်မှုအဆောက်အအုံကို စီးနင်းထိန်းချုပ်ခဲ့ပြီး၊ သက်သေအထောက် အထားများနှင့် စက်ပစ္စည်းများကို သိမ်းဆည်းကာ ထိန်းသိမ်းခံထားရသူများကို အရေးယူဆောင်ရွက်ရန် ကြိုးပမ်းခဲ့သော်လည်း၊ ညှိနှိုင်းဆောင်ရွက်ထားသည့် နယ်စပ်ဖြတ်ကျော်လွှဲပြောင်းယူမှုစနစ်၊ စုံစမ်းစစ်ဆေးရေးဆိုင်ရာ ပံ့ပိုးမှုနှင့် သားကောင်ဖြစ်ရသူများကို စိစစ်နိုင်စွမ်းမရှိခြင်းတို့ကြောင့် အဆိုပါစစ်ဆင်ရေးကို ရေရှည်ထိန်းထားရန် ခက်ခဲခဲ့ပြီး သံသယရှိသူအများအပြားမှာ နောက်ဆုံးတွင် လူစုကွဲ ပျောက်ကွယ်သွားခဲ့ရသည်။
မင်းလက်ပံဒေသသည် စစ်တပ်နှင့် ပိုမိုနီးစပ်သော DKBA (တိုးတက်သောကရင်ဗုဒ္ဓဘာသာတပ်မတော်) က ထိန်းချုပ်သော ဒေသလည်းဖြစ်သည်။
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် မတည်ငြိမ်မှုများသည် အမေရိကန်၏ သဘောတူစာချုပ်ချုပ်ဆိုထားသည့် မဟာမိတ်နိုင်ငံ (ထိုင်းနိုင်ငံ) ကို တိုက်ရိုက် သက်ရောက်လျက် ရှိကြောင်း၊ ထို့ပြင် UWSA ကဲ့သို့သော လက်နက်ကိုင်အဖွဲ့များအပေါ် တရုတ်နိုင်ငံမှ တရားဥပဒေစိုးမိုးရေးအဖွဲ့များ၏ သြဇာသက် ရောက် နိုင်မှုသည် တရုတ်နိုင်ငံအနေဖြင့် ပုံမှန် နိုင်ငံအချင်းချင်း ကြားဝင်ဆောင်ရွက်ခြင်းမျိုး မပြုလုပ်ဘဲ နယ်စပ်ဖြတ်ကျော် လုံခြုံရေးအခြေအနေများကို လွှမ်းမိုးနိုင်သည့် စွမ်းဆောင်ရည် ရှိနေကြောင်းကို ထင်ရှားစွာ ပြသနေကြောင်း အမေရိကန်အစီရင်ခံစာက ဖော်ပြသည်။
တရုတ်နိုင်ငံက ရာဇဝတ်မှုထိန်းချုပ်ရေးဟူသော မူဘောင်ဖြင့် ပုံဖော်ထားလင့် ကစား မြန်မာနိုင်ငံအပေါ် သြဇာလွှမ်းမိုးနိုင်မှုက ဒေသတွင်း အာဏာချိန်ခွင် လျှာကို ပုံဖော်နိုင်ကြောင်း၊ အမေရိကန်ပြည်ထောင်စု အပါအဝင် အခြားသော နိုင်ငံတကာက ရရှိနိုင်မည့် မူဝါဒရေးရာ နယ်ပယ်များကို ကန့်သတ်ပိတ်ပင်မှုများဖြစ်ပေါ်စေကြောင်း၊ ပိုမိုကျယ်ပြန့်သော မဟာဗျူဟာမြောက် ပြိုင်ဆိုင်မှုများ ဖြစ်ပေါ်စေကြောင်း အမေရိကန်အစီရင်ခံစာက သုံးသပ်ထားသည်။




