27 C
Yangon

ခင်ဦးမြို့နယ်၊ ရွာစဉ်ကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၄ ဦးသေဆုံးပြီး နေအိမ်နှင့်ဆိုင်ခန်းများ ပျက်စီး

Must read

ရန်ကုန်၊ မေ ၂၂

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရွာစဉ်ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှတစ်ဆင့် ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်နှင့် အမျိုးသမီးများအပါအဝင် ပြည်သူ ၄ ဦး သေဆုံးပြီး နေအိမ်နှင့် ဆိုင်ခန်း အများအပြား ပျက်စီးဆုံးရှုံးခဲ့ကြောင်း ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့ ညပိုင်း ၉ နာရီဝန်းကျင်ခန့်တွင် စစ်ကောင်စီတပ်က တံတားဦးလေတပ်က တက်လာသည့် ဂျက်ဖိုက်တာတိုက်လေယာဉ် ၁ စင်းအပြင်၊ ရွှေဘိုအခြေစိုက် အမှတ် ၈ လေ့ကျင့်ရေးကျောင်းကနေ လွှတ်တင်လိုက်သည့် Suicide Drone (အသေခံဒရုန်း) ၂ စင်းတို့ဖြင့် စစ်ရေးပစ်မှတ်မဟုတ်သော ရွာစဉ်ကျေးရွာအတွင်းသို့ အကြောင်းမဲ့ လေကြောင်းတိုက် ခိုက်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ယုတ်မာရက်စက်စွာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွာစဉ်ကျေးရွာမှ အသက် ၄၅ နှစ်နှင့် ၂၀ အရွယ် အမျိုးသား ၂ ဦး၊ အသက် ၆၂ နှစ်နှင့် ၂၇ နှစ်အရွယ် အမျိုးသမီး ၂ ဦး၊ စုစုပေါင်း အပြစ်မဲ့ပြည်သူ ၄ ဦး နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ရပြီး အခြားဒေသခံအချို့လည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် ပြည်သူ့နေအိမ် ၂၀ ကျော်ခန့်မှာလည်း ဗုံးဒဏ်ကြောင့် ပြိုပျက်ခြင်း၊ မီးလောင်ကျွမ်းခြင်းနှင့် ပျက်စီးဆုံးရှုံးခြင်းများ ကြုံတွေ့ခဲ့ရသည်။

“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့ လေယာဉ်၊ အသေခံဒရုန်းတွေနဲ့ ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်နေတာ စစ်ခွေးတွေ တိုက်ခိုက်လို့ ပြည်သူ ၄ ဦးသေဆုံးပြီး နေအိမ်နဲ့ ဈေးဆိုင် ၂၀ ကျော်လောက် ပျက်စီးသွားတယ်” ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှု မတိုင်မီ မေလ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်ကလည်း ရွှေဘိုအမှတ် ၈ လေ့ကျင့်ရေးကျောင်းက လွှတ်တင်သည့် Suicide Drone ၂ စင်းဖြင့် ရွာစဉ်ရွာအတွင်းရှိ အရပ်သား ပြည်သူများ၏ နေအိမ်များနှင့် အရောင်းဆိုင်ခန်းများကို ဗုံးသီးချ တိုက်ခိုက်ခဲ့သေးသဖြင့် ဆိုင်ခန်းနှင့် အဆောက်အအုံများ ပျက်စီးဆုံးရှုံးခဲ့ရသေးကြောင်း သိရသည်။

လေကြောင်းတိုက်ခိုက်မှု ကြုံတွေ့ခဲ့ရသည့် ရွာစဉ်ကျေးရွာမှ ဒေသခံပြည်သူတစ်ဦးက”ကျွန်တော်တို့ရွာမှာတော့ ဂျက်ဖိုက်တာနဲ့ ဗုံးကျဲခံနေရပြီး အခုပြေးနေရတယ်။ ညီလေးနဲ့ အဒေါ်လည်း ပွဲချင်းပြီး သေတယ်။ သေတာတွေကတော့ အများကြီးပဲ။ ဗုံးကွဲတဲ့ကျင်းက လူတစ်ရပ်ကျော်တယ်။ ဓာတ်ပုံကတော့ ရိုက်မရသေးဘူး၊ အခုပြေးနေရလို့”ဟု ပြောဆိုသည်။

စစ်တပ်က စစ်ရေးပစ်မှတ်နှင့် အရပ်သားပစ်မှတ်များကို ခွဲခြားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်နေသဖြင့် ခင်ဦးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၊ စစ်ဘေးရှောင်များနှင့် တော်လှန်ရေးအင်အားစုများအနေဖြင့် လုံခြုံရေးအသိ၊ သတိအမြဲရှိကြရန် ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တိုက်တွန်းနှိုးဆော်ထားသည်။

ဒေသခံများအနေဖြင့် ဗုံးခိုကျင်းများ ကြိုတင်တူးဖော်ထားကြရန်၊ လေကြောင်းသတင်းပေးအိုင်ကွန်စက် (စကားပြောစက်) များကို အမြဲဖွင့်လှစ်ပြီး သတင်းရယူကြရန်နှင့် စစ်ကောင်စီတပ်၏ လေယာဉ်များ တက်လာသည့် သတင်းရရှိပါက ဗုံးခိုကျင်းများအတွင်းသို့ အမြန်ဆုံး ကြိုတင်တိမ်းရှောင်ခြင်း စသည့် လုံခြုံရေးအစီအမံများကို သတိကြီးစွာဖြင့် လုပ်ဆောင်သွားလာ နေထိုင်ကြပါရန် မြို့နယ်ပအဖက အရေးပေါ် သတိပေး နှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article