25 C
Yangon

မန္တလေးနှင့် မကွေးတိုင်းတို့တွင် စစ်ကောင်စီစစ်ကြောင်းက ကျေးရွာများကို ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင်ပစ္စည်းများ လုယက်ကာ ကျောင်းသားလူငယ်များနှင့် အမျိုးသားများကို ပေါ်တာဆွဲ ဖမ်းဆီးသွား

Must read

ရန်ကုန်၊ မေ ၂၃

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်နှင့် ညောင်ဦးမြို့နယ်အပြင်၊ မ​ကွေးတိုင်း၊ ချောက်မြို့နယ်တို့ရှိ ကျေးရွာများကို ယနေ့ မေလ ၂၃ ရက်နေ့တွင် စစ်တပ်နှင့် ပျူစောထီး (ပြည်သူ့စစ်) ပူးပေါင်းစစ်ကြောင်းများက ဝင်ရောက်စီးနင်းကာ ပြည်သူပိုင်ပစ္စည်းများကို လုယက်ယူဆောင်ခြင်းနှင့် ဒေသခံအမျိုးသားများကို ဖမ်းဆီးခေါ်ဆောင်ခြင်းများ ပြုလုပ်သွားကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

ယနေ့တွင် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ နဘဲပင်ကျေးရွာနှင့် ကျောက်တိုင်ကျေးရွာတို့သို့ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့က မော်တော်ယာဉ် ၅ စီးဖြင့် အင်အားသုံး ဝင်ရောက်စီးနင်းခဲ့သည်။

ထိုသို့ ဝင်ရောက်ပြီးနောက် ကျေးရွာအတွင်းရှိ ပြည်သူ ၄ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည့်အပြင် ပြည်သူပိုင် မြေပဲမျိုးအိတ်များ၊ မော်တော်ဆိုင်ကယ်များနှင့် ရွှေထည်ပစ္စည်းများကို ကား ၄ စီးအပြည့် အဓမ္မတင်ဆောင်ကာ လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။

“လူငယ်ရယ်လို့ မဟုတ်ဘူးဗျ၊ ယောကျာ်းသားမှန်ရင် အကုန်ဖမ်းတာ။ အသက်ကြီးတဲ့သူတွေဆိုရင်တော့ နောက် ပိုင်းမှာ ငွေနဲ့ပြန်ရွေးခိုင်းဖို့ ဖမ်းတာ၊ လူငယ်ဆိုရင်တော့ စစ်တပ်ထဲ အဓမ္မထည့်ဖို့ ဖမ်းဆီးတာဗျ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ယနေ့နံနက် ၆ နာရီ ဝန်းကျင်အချိန် မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ဒါန်းကျေးရွာသို့ စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်လာပြီး ဦးရွှေဝင်းနှင့် ဒေါ်လှရီတို့၏ သားအငယ်ဆုံးဖြစ်သည့် အသက်မပြည့်သေးဘဲ ကျောင်းတက်နေဆဲဖြစ်သူ မောင်အောင်ပြည့်ချစ်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ထို့ပြင် အဆိုပါ ဒါန်းကျေးရွာအနီးရှိ မကွေးတိုင်း၊ ချောက်မြို့နယ်အပိုင် ညောင်ပင်သာကျေးရွာတွင်လည်း ပျူစောထီးအဖွဲ့များ၏ သတင်းပေးမှုဖြင့် စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးရာ ဒေသခံအမျိုးသား ၅ ဦး ထပ်မံဖမ်းဆီးသွားကြောင်း သိရသည်။

စစ်တပ်က စစ်မှုထမ်းဥပဒေအရ လူအင်အား လိုအပ်နေခြင်းကြောင့်လည်းကောင်း၊ ငွေညှစ်လိုခြင်းကြောင့်လည်းကောင်း စစ်ကြောင်းထိုးရာ လမ်းတလျှောက်ရှိ ကျေးရွာများမှ ယောကျာ်းသားများကို အရွယ်မရွေး ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်လက်အောက်ခံရဲများက စစ်ဆေးရေးများလုပ်ဆောင်ကာ ဆိုင်ကယ်များကို သိမ်းဆည်းနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article