ရန်ကုန်၊ မေ ၂၃
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ် အတွင်း တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က ကျေးရွာများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် ဆက်တိုက် တိုက်ခိုက်နေ၍ ရွာပေါင်း ၃၀ နီးပါးမှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၂၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်မှ စတင်ပြီး အင်အား ၃၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အုတ်ဖိုမြို့နယ်၊ ကျေးပျက်ရွာနှင့် စံပြရွာတို့တွင် စခန်းချပြီး ကျေးရွာများကို ဒရုန်းဖြင့် မီးလောင်ဗုံးများ ကျဲချကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ကြောင့် ကြို့ကိုးပင်ရွာ ၊ မအူတန်းရွာ ၊ ကိုင်းကြီးရွာ နှင့် ရှားစေးဘို တို့ကို ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၆၄ နှစ်အရွယ် ချောင်းခွရွာသား ဦးခင်လွင် ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် တော်လှန်ရေး တပ်ဖွဲ့များ ယမန်နေ့ ညပိုင်းထိ တိုက်ပွဲများ ဆက်တိုက် ပြင်းထန်ခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း မြေပြင်တွင် နှစ်ဖက် စစ်ရေးသတင်းမာနေဆဲဖြစ်ကြောင်း သိရသည်။
ယင်းစစ်ကြောင်းသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း ကျေးရွာများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်နေခြင်းကြောင့် ဒေါင်းကြီးရွာ၊ ဒေါင်းလေးရွာ၊ ကျေးပင်ဆိတ်ရွာ၊ မအူတန်းရွာ၊ ဝင်းသရက်ရွာ၊ သရက်နှစ်ပင်လိမ်ရွာ၊ ကိုင်းရှိုကြီးရွာ၊ သာလိကာရွာ၊ ချောင်းခွကြီးရွာ၊ ကျွဲတဲကုန်းရွာ၊ ကြိုးကြာကွင်းရွာ၊ စမ်းကြီးကုန်းရွာ၊ စံပြရွာ၊ ထွက်တိုးရွာ၊ ရေငံရွာ၊ စမ်းသုခရွာ၊ ကိုင်းတောစုရွာ၊ ကြို့ကိုးပင်ရွာ၊ ချင်းစုရွာ၊ ကျွဲဖြူမရွာ၊ ရွာရှောင်ရွာ၊ ကိုင်းကြီးရွာ၊ ကိုင်းလေးရွာ၊ တင်းကုတ်ရွာ၊ ဥတိုရွာ၊ ရေဒါရွာနှင့် ကျေးပြတ်ရွာတို့အပါအဝင် ရွာပေါင်း ၃၀ နီးပါးမှ သောင်းနှင့်ချီသောပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
“စစ်ခွေးအင်အားကများတယ်။ တိုက်ပွဲတွေက မနေ့က ညပိုင်းထိ တောက်လျောက်ကို ဖြစ်နေတာ အခုမနက်ပြန်ငြိမ်နေပေမယ့် စစ်ရေးတင်းမာနေဆဲအခြေအနေဆိုတော့ အချိန်မရွေးတိုက်ပွဲပြန်ဖြစ်နိုင်ပါတယ်။ မနေ့က ညက တိုက်ပွဲက တော်တော်လေးကိုပြင်းထန်ခဲ့တယ်။ စစ်ခွေးစစ်ကြောင်းက ဆက်ထိုးနေတဲ့အပြင်ကို ရွာတွေကို ဒရုန်း၊ လက်နက်ကြီးတွေနဲ့ လိုက်ပစ်နေလို့ အခုဆို တိမ်းရှောင်နေရတဲ့ ရွာက ၃၀ နီးပါးရှိသွားပြီ” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အုတ်ဖိုမြို့နယ် အတွင်းရှိ ကျေးပြတ်ရွာ၊ ဥတိုရွာ၊ စံပြဝိုင်းရွာ၊ ရေဒါရွာ၊ ကြို့ကိုးပင်ရွာ၊ မအူတန်းရွာ၊ ရှားစေးဖိုရွာနှင့် နှောကုန်းရွာ ဘက်တို့တွင် စစ်ကြောင်းများ တပ်ဖြန့်ထားပြီး စစ်ကားများဖြင့်လည်း အင်အားများ ထပ်မံဖြည့်တင်းနေကြောင်း သိရသည်။
ဓာတ်ပုံ- ပုံအဟောင်းဖြစ်ပါသည်။




