ရန်ကုန်၊ မေ ၂၃
ပဲခူးတိုင်း၊ ပဲခူးမြို့ ဇလပ်ထော်ဆည်တွင် ရေဆင်းကူးသည့် အသက် ၁၀ နှစ်ကျော်အရွယ် ကျောင်းသူ ၃ ဦးနှင့် ကျောင်းသား ၁ ဦး ရေနစ်သေဆုံးခဲ့ကြောင်း ပရဟိတ အဖွဲ့များ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ ပြောဆိုချက်အရ သိရသည်။
မေလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ပဲခူးမြို့ ဇလပ်ထော်ဆည်တွင် အသက် ၁၀ နှစ်အရွယ်ကျော် အရွယ် ကျောင်းသူ ၃ ဦးနှင့် ကျောင်းသား ၁ ဦးသည် ရေဆင်းကူးစဉ် ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသွားသော ကလေးငယ်များသည် ပဲခူးမြို့ ကိုယ်ပိုင်အထက်တန်းကျောင်းမှ အသက် ၁၀ နှစ်အရွယ် Grade-4 ကျောင်းသား မောင်ဖြိုးဇာနည်လင်း၊ ပဲခူးမြို့ အလက-၈ မှ အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူ မပိုးဝတီ၊ ပဲခူးမြို့ အလက-၁၀ မှ အသက် ၁၃ နှစ်အရွယ် Grade-6 ကျောင်းသူ မစုပုံချစ် နှင့် ပဲခူးမြို့ အထက-၁ မှ အသက် ၁၀ နှစ်အရွယ် Grade-4 ကျောင်းသူ မသဒ္ဒါရွှန်းလဲ့ တို့ဖြစ်ကြောင်း သိရှိရသည်။
“ကျောင်းသား၊ ကျောင်းသူလေးတွေ ဇလပ်ထော်ဆည်မှာ ရေသွားကူးရင်နဲ့ ရေနစ်သေဆုံးတာလို့ပဲသိရတယ်။ ရုပ်အလောင်းတွေတော့ ပြန်ရပြီလို့ ပြောတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
photo credit – ကိုထွဋ် ပရဟိတ






