ရန်ကုန်၊ မေ ၂၄
ပဲခူးတိုင်း၊ ပြည်မြို့အကျဉ်းထောင်တွင် အကျဉ်းချခံထားရသည့် နိုင်ငံရေးအကျဉ်းသား ဦးဌေးအောင်နှင့် ဦးမြင့်နိုင်မြင့်စိုးတို့သည် စစ်ကောင်စီတပ်၏ အချိန်မီဆေးကုသခွင့် ပိတ်ပင်မှုများကြောင့် အကျဉ်းထောင်တွင်း၌ ရောဂါဝေဒနာများ ပြင်းထန်စွာ ခံစားရပြီးနောက် ပြည်ဆေးရုံကြီးတွင် ကွယ်လွန်သွားခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားအသိုင်းအဝိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၂၂ ရက်နေ့ နေ့လယ်ပိုင်း ပြည်မြို့အကျဉ်းထောင်၌ အသက်ရှူကျပ်ရောဂါ အပြင်းအထန် ခံစားနေရသည့် နိုင်ငံရေးအကျဉ်းသား ဦးဌေးအောင် သည် ပြည်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိပြီး ဆေးကုသမှု ခံယူနေစဉ်အတွင်း ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။
၎င်းသည် ရောဂါဝေဒနာ စတင်ခံစားရစဉ်ကတည်းက ထောင်အာဏာပိုင်များဘက်မှ လုံလောက်သော ဆေးကုသခွင့် မပေးခဲ့ဘဲ နောက်ဆုံး ရောဂါအခြေအနေ အလွန်စိုးရိမ်ရသည့် အဆင့်ရောက်မှသာ ဆေးရုံသို့ ပို့ဆောင်ခဲ့ခြင်းကြောင့် အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ကွယ်လွန်သူ ဦးဌေးအောင်သည် ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်၊ သစ်နီတောကျေးရွာအုပ်စု၊ မဉ္ဇူကုန်းကျေးရွာ ဇာတိဖြစ်ပြီး ၎င်းကို စစ်ကောင်စီတပ်က မတရားဖမ်းဆီးကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) နှင့် ပုဒ်မ ၅၀ (ည) တို့ဖြင့် ထောင်ဒဏ် ၁၅ နှစ် အမိန့်ချမှတ်ထားခြင်း ဖြစ်သည်။
အလားတူ မေလ ၂၃ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်တွင်လည်း အင်းစိန်အကျဉ်းထောင်မှ ပြည်မြို့အကျဉ်းထောင်သို့ ပြောင်းရွှေ့ခံထားရသည့် နိုင်ငံရေးအကျဉ်းသား ဦးမြင့်နိုင်မြင့်စိုးသည် လေဖြတ်ရောဂါဝေဒနာဖြင့် ပြည်ဆေးရုံကြီးတွင် တက်ရောက်ကုသနေစဉ်အတွင်း ဦးနှောက်သွေးကြောပြတ်၍ ကွယ်လွန်သွားခဲ့သည်။
ဦးမြင့်နိုင်မြင့်စိုးသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ဈ) နှင့် ၅၂ (ဂ) တို့ဖြင့် ထောင်ဒဏ် ၁၀ နှစ် မတရားချမှတ်ခံထားရသူ ဖြစ်သည်။
ယင်းအပြင် ဦးမြင့်နိုင်မြင့်စိုး၏ ဇနီးသည်ကိုလည်း စစ်ကောင်စီတပ်က မတရားဖမ်းဆီးကာ လက်ရှိအချိန်အထိ အင်းစိန်အကျဉ်းထောင် အမျိုးသမီးဆောင်တွင် အကျဉ်းချထားဆဲဖြစ်ကြောင်း သိရသည်။
နိုင်ငံရေးအကျဉ်းသားအသိုင်းအ၀ိုင်းက “စစ်ခွေးတွေက ပြည်အကျဉ်းထောင် ဆေးရုံမှာပဲ ကုသခိုင်းလို့ ကုနေရတာ။ နောက်ဆုံးကျတော့ ရောဂါအခြေအနေ အရမ်းဆိုးလာလို့ ပြည်မြို့ဆေးရုံကြီးကို ပို့ဆောင်ကုသနေတုန်းမှာ သေဆုံးခဲ့တာ။ အစောကြီးကတည်းက ကုသခွင့်ပေးခဲ့ရင် သေဆုံးမှာ မဟုတ်ဘူး။”ဟု ပြောဆိုသည်။
လက်ရှိ မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်အသီးသီးတွင် စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ များကို ထောင်တွင်းလုံလောက်သော ဆေး ဝါးစောင့်ရှောက်မှု မပေးခြင်း၊ ပြင်ပဆေးရုံများသို့ အချိန်မီလွှဲပြောင်းကုသခွင့် ပိတ်ပင်ခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်ခြင်းများကို တမင်သက်သက် လုပ် ဆောင်နေသဖြင့် ကျန်း မာရေးချို့တဲ့ပြီး အသက်ဆုံးရှုံးရသည့် နိုင်ငံရေးအကျဉ်း သား အရေအတွက် စဉ်ဆက်မပြတ် တိုးပွားလျက်ရှိကြောင်း အကျဉ်းထောင်စောင့်ကြည့်ရေးအဖွဲ့များက ထောက်ပြထားသည်။




