26 C
Yangon

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၁ နှစ်မြောက်မွေးနေ့အထိမ်းအမှတ် လန်ဒန်ရှိ စစ်ကောင်စီသံရုံးရှေ့တွင် ၂၄ နာရီကြာ အစာငတ်ခံဆန္ဒပြမည်

Must read

ရန်ကုန်၊ မေ ၂၆

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၁ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ရှိ စစ်ကောင်စီသံရုံးရှေ့တွင် ၂၄ နာရီကြာ အစာငတ်ခံဆန္ဒပြပွဲ (24-Hour Hunger Strike) တစ်ရပ် ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆန္ဒပြပွဲ ဦးဆောင်စီစဉ်နေသူ ကိုမင်းဟိန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အဆိုပါ အစာငတ်ခံဆန္ဒပြပွဲကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့မတိုင်မီ ၁ ရက်ဖြစ်သော ဇွန်လ ၁၈ ရက်နေ့ ညနေ ၃ နာရီမှစတင်ကာ မွေးနေ့ကျရောက်မည့် ဇွန်လ ၁၉ ရက်နေ့ ညနေ ၃ နာရီအထိ လန်ဒန်မြို့ရှိ စစ်ကောင်စီသံရုံးရှေ့ (19A Charles St, London W1J 5DX) တွင် ပြုလုပ်သွားမည် ဖြစ်သည်။

“လန်ဒန်က စစ်ကောင်စီသံရုံးရှေ့မှာ အမေစုမွေးနေ့ မတိုင်မီ တရက် ဇွန်လ ၁၈ ရက် ညနေ ၃ နာရီကနေ ၁၉ ရက်နေ့ ညနေ ၃ နာရီထိ ဆန္ဒပြကြမှာပါ ကျန်းမာရေးကြောင့် အစာငတ်ခံလို့မရတဲ့ သူတွေလည်း ဝန်းရံသူတွေ Volunteer တွေအနေနဲ့ လာရောက်ပါဝင်လို့ရပါတယ်။ ဆန္ဒပြသူတွေအတွက်ကတော့ Tent တွေ ရေတွေ Medical cover နဲ့ တခြားလိုအပ်တာတွေ စီစဉ်ပေးထားပါမယ်။ ခုချိန်မှာတော့ဘယ်နှယောက်ပါမယ်ဆိုတာ သေချာပြောလို့မရသေးပါဘူး ကျနော်တို့ တော်လှန်ရေး မိတ်ဆွေတွေစုပြီးတော့ လုပ်ကြမယ်လို့ ဆုံးဖြတ်ပြီး မနေ့ကမှ ကြော်ငြာလိုက်တာပါ”ဟု ကိုမင်းဟိန်းက ရှင်းပြသည်။

အဆိုပါ အစာငတ်ခံဆန္ဒပြပွဲသို့ ဗြိတိန်ရောက် မြန်မာနိုင်ငံသားများအပြင် အခြားနိုင်ငံများမှ မြန်မာနိုင်ငံသားများလည်း ပူးပေါင်းပါဝင်နိုင်ရန် ဆက်သွယ်ပြောဆိုလာကြောင်း သိရှိရသည်။

“ကျနော်တို့ အစက စီစဉ်တုန်းကတော့ လန်ဒန်ကို လာနိုင်တဲ့ သူတွေ အတွက်ပဲ စီစဉ်ခဲ့တာပါ။ အခုတော့ တခြားနိုင်ငံတွေက အမေစုချစ်တဲ့သူတွေကလည်း ပါဝင်ချင်တယ်လို့ ပြောလာလို့ ကိုယ့်အိမ်မှာ ကိုယ်နေရင်းလည်း ဆန္ဒပြလို့ရအောင် Hunger strike မှာပါဝင်လို့ရအောင် ကျနော်တို့ တခုခုစီစဉ်ပေးဖို့ လုပ်နေပါပြီ။ ပြီးသွားရင် အားလုံးကို အသိပေးကြေညာပေးပါ့မယ်။ အမေစု သက်ရှိထင်ရှားရှိနေလားဆိုတာ သိရဖို့ ကျနော်တို့ ကြိုးစားနေကြတာပါ အမေစုကို မတရား ဖမ်းဆီးထားတဲ့ အကြမ်းဖက်စစ်တပ်ကို နိုင်ငံတကာက ပြင်းပြင်းထန်ထန် ဖိအားပေး ဖို့ ၊ အမေစုနဲ့တကွ နိုင်ငံရေး အကျဉ်းသားတွေအားလုံးကို ချက်ချင်းလွှတ်ပေးဖို့ နိုင်ငံတကာအစိုးရတွေကိုလည်း စာပို့တောင်းဆိုသွားမှာပါ”ဟု ကိုမင်းဟိန်းက ဆက်လက်ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကိုထိန်လင်း (Kim Aris) ထံသို့လည်း အစာငတ်ခံ ဆန္ဒပြပွဲနှင့်ပတ်သက်၍ ကြိုတင်အကြောင်းကြားထားပြီးဖြစ်ကာ ‘All in one piece’ လူမှုကွန်ရက်စာမျက်နှာမှလည်း မျှဝေထားကြောင်း သိရသည်။

သို့သော် ကိုထိန်လင်းအနေဖြင့် ဩစတြေးလျနိုင်ငံသို့ သွားရောက်ရန် ခရီးစဉ်ရှိနေသဖြင့် လန်ဒန်ပွဲသို့ ကိုယ်တိုင်တက်ရောက်နိုင်ရန်မူ သေချာရေရာခြင်း မရှိသေးပေ။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးချုပ်နှောင်ထား သည်မှာ ၅ နှစ်နီးပါး ရှိလာခဲ့ပြီဖြစ်ပြီး၊ လက်ရှိအချိန်အထိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ကျန်းမာရေးအခြေအနေနှင့် မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ဆိုသည့် ခိုင်မာသော သက်သေအထောက်အထား (Verified Evidence) တစ်စုံ တစ်ရာ ထွက်ပေါ်လာခြင်းမရှိဘဲ မိသားစုဝင်များနှင့် လွတ်လပ်သော စောင့်ကြည့်လေ့လာသူများအား တွေ့ဆုံခွင့်ကို စစ်ကောင်စီက လုံးဝပိတ်ပင်ထားဆဲ ဖြစ်သည်။

ထို့ကြောင့် ပြည်တွင်းပြည်ပရှိ မြန်မာနိုင်ငံသားများက ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက် သေပြပါ ဟူသည့် ကြွေးကြော်သံဖြင့် တောင်းဆိုမှုများ ဆက်တိုက်လုပ်ဆောင်နေခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article