26 C
Yangon

ဆောမြို့နယ်၊ ကျောက်ထုဒေသတွင် စစ်တပ်စစ်ကြောင်းက ကျောင်းထိုင်ဆရာတော် ၁ ပါးနှင့် ကျောင်းဆရာ ၁ ဦးအပါအဝင် ပြည်သူ ၆ ဦးကို သတ်ဖြတ်၊ ပြည်သူ ၁၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး ရွာနှင့်နေအိမ်များကို စစ်တပ်က မီးရှိုဖျက်ဆီးနေ

Must read

ရန်ကုန်၊ မေ ၂၆

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုဒေသသို့ စစ်ကြောင်းထိုးဝင်ရောက်နေသည့် အကြမ်းဖက်စစ်တပ်က ကျောင်းထိုင် ဆရာတော် ၁ ပါး၊ ကျောင်းဆရာ ၁ ဦးအပါအဝင် ဒေသပြည်သူ ၆ ဦးကို ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း ယောအလင်းတန်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စစ်တပ်က မေလ ၁၂ ရက်နေ့မှစတင်ကာ ကျောက်ထုဒေသအတွင်းသို့ အင်အားထောင်ချီအသုံးပြု၍ စစ်ကြောင်းထိုးလာခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းစစ်ကြောင်းက တပြင်းကျေးရွာသို့ ရောက်ရှိစဉ် မေလ ၁၈ ရက်နေ့ မွန်းလွဲပိုင်းတွင် ရွာထဲ၌ ပိတ်မိကျန်ရစ်ခဲ့သည့် စိတ်ကျန်းမာရေးမကောင်းသူ အသက် ၃၄ နှစ်အရွယ် မစိုး (ခ) တင်မိုးခိုင်ကို သတ်ဖြတ်ခဲ့ကြောင်း၊ ထို့ပြင် ယမန်နေ့ မေလ ၂၅ ရက် မွန်းလွဲပိုင်းတွင်လည်း အဆိုပါတပြင်းရွာမှ ကျောင်းထိုင် ဆရာတော်၊ ကျောင်းဆရာတစ်ဦးအပါအဝင် ပြည်သူ ၄ ဦးကို ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်ကာ ထပ်မံသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ယောအလင်းတန်းအဖွဲ့မှ တာဝန်ရှိသူ “မနေ့ကနေ့ခင်းပိုင်းလောက်က တပြင်းရွာက ကျောင်းထိုင်ဆရာတော်ရယ်၊ ကျောင်းဆရာ တစ်ယောက်ရယ်၊ ကားသမားတစ်ယောက်ရယ် အပါအဝင် ၄ ယောက် အသတ်ခံရတယ်။ ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့ကထင်တယ်၊ အရူးမတစ်ယောက်လည်း အသတ်ခံထားရတော့ တပြင်းရွာမှာတင် ကျောင်း ထိုင်ဆရာတော်အပါအဝင် ၅ ဦးအသတ်ခံရတာဖြစ်ပါတယ်။ ရွာသာရွာကတော့ ဒီနေ့ပေါ့၊ တစ်ယောက်အသတ်ခံရတာ၊ ပြီးတော့ နေအိမ်တွေမီးရှို့နေတာက ဘယ်လောက်လောင်သွားလဲ မသိရသေးဘူး။ အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ရွာပဲ”ဟု ရှင်းပြသည်။

ယနေ့ မေလ ၂၆ ရက် နံနက်ပိုင်းတွင်လည်း အဆိုပါစစ်တပ်စစ်ကြောင်းသည် ကျောက်ထုတိုက်နယ်၊ ရွာသာကျေးရွာသို့ ဆက်လက်ဝင်ရောက်ကာ ရွာသားတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည့်အပြင်၊ အိမ်ခြေ ၁၀၀ ကျော်ရှိသည့် ယင်းကျေးရွာအတွင်းရှိ ပြည်သူ့နေအိမ်များကိုပါ မီးရှို့ဖျက်ဆီးလျက်ရှိရာ ပျက်စီးဆုံးရှုံးမှုအခြေအနေ အသေးစိတ်ကိုမူ မသိရသေးပေ။

စစ်ကောင်စီတပ်သည် လမ်းခရီးတွင်တွေ့ရှိသည့် ပြည်သူများကိုလည်း ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် အသုံးပြုလျက်ရှိကြောင်း၊ လက်ရှိတွင် အဆိုပါစစ်ကြောင်းသည် ကျောက်ထုမြို့ အမြောက်တပ်ဝင်းအတွင်းသို့ ကနဦးစစ်ကား ၄၆ စီးဖြင့် စတင်ဝင်ရောက်နေပြီဖြစ်ကြောင်း သိရသည်။

ယင်းသို့ စစ်ယာဉ်တန်းများ အမြောက်တပ်အတွင်း ဝင်ရောက်နိုင်ရန်အတွက် အင်အား ၁၀၀၀ ကျော်ဖြင့် ငလွန်းရွာ၊ ကျောက်ပြင်ရွာ၊ နသိုးရွာဘုရားကုန်းနှင့် အကြည်ကျေးရွာတို့တွင် တပ်ဖြန့်နေရာယူထားသဖြင့် ဒေသခံတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

အဆိုပါ အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းမှုများကြောင့် ကျောက်ထုဒေသအတွင်းရှိ ကျေးရွာပေါင်း ၁၉ ရွာမှ ဒေသခံပြည်သူ ၁၀၀၀၀ (တစ်သောင်း) ကျော်မှာ နီးစပ်ရာ တောတောင်များအတွင်းသို့ အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေကြရသည်။

လက်ရှိတွင် ဒေသတွင်း၌ မုန်တိုင်းမိုးများ ရွာသွန်းနေသဖြင့် စစ်ဘေးရှောင်ပြည်သူများအတွက် အမိုးအကာ၊ ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် အကူအညီ လိုအပ်လျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဧရာ၀တီမြစ်ကမ်းဘေးရှိ ပြည်သူများနေထိုင်သော ကျေးရွာများကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article