ရန်ကုန်၊ ဇွန် ၁
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် အသက် ၉ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် မိသားစုဝင် ၃ ဦးသေဆုံးခဲ့ကြောင်း Karen Peace Support Network က ထုတ်ပြန်ထားသည်။
မေလ ၃၀ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ခမရ ၂၆၄ တပ်ရင်း ပဲနွယ်ကုန်း အခြေစိုက်စခန်းမှ စစ်သားများက ဝေဒေါခိုကျေးရွာအတွင်းသို့ ၁၅၅ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှု အတွင်း ကျေးရွာအတွင်းကို လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့သောကြောင့် အသက် ၉ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ အသက် ၄၅ နှစ်အရွယ် မိခင်ဖြစ်သူနှင့် အသက် ၄၇ နှစ်အရွယ် ဖခင်ဖြစ်သူတို့ သေဆုံးခဲ့ပြီး အသက် ၁၈ နှစ်အရွယ် အမျိုးသမီး ၁ ဦးလည်း ထိခိုက် ဒဏ်ရာရရှိကာ နေအိမ် ၁ လုံးလည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘလွေကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြောင်မြို့ သတင်းမှန် ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဇွန်လ ၁ ရက်နေ့တွင် ချောင်းဦးမြို့နယ် နတ်ရေကန်အထိုင်မှ စစ်သားများက ဘလွေကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး ၃ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။
“စစ်ခွေးတွေက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာက ပြည်သူတွေ ထိခိုက်ဒဏ်ရာရာတာမျိုးမရှိပါဘူး။ နတ်ရေကန်ကျေးရွာကို လာတဲ့ စစ်ခွေး စစ်ကြောင်းက ဘလွေကျေးရွာကို ဦးတိုက်ပြီးတော့ လာရင်းနဲ့ ပစ်တာပါ။ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပြီး စစ်ကြောင်းထိုးတာပါ။ နေအိမ် ပျက်စီးတာမျိုးတော့ မရှိသေးဘူး။ လက်နက်ကြီး ၃လုံး ပစ်ခတ်ခဲ့တယ်။ အခု စစ်ခွေးတွေက ရွာထဲမှာ အထိုင်ချနေပါပြီ “ဟု မြောင်မြို့ သတင်းမှန် ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူကပြောဆိုသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကလည်း ဘလွေကျေးရွာထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။






