27 C
Yangon

လောင်းလုံးမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေးတပ်က ဝင်ရောက် တိုက်ခိုက်၊ ကျေးရွာများကို စစ်ကြောင်းထိုးသည့် စစ်တပ်လည်း အထိနာပြီး မြို့ပေါ်ကို ထွက်ပြေး ဆုတ်ခွာနေ

Must read

ရန်ကုန်၊ ဇွန် ၁

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေးတပ်ကဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇွန်လ ၁ ရက်နေ့ နံနက် ၉ နာရီခန့်တွင် လောင်းလုံးမြို့ပေါ်၌ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ရဲစခန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် လူဝင်မှုကြီးကြပ်ရေးရုံးတို့ကို တော်လှန်ရေးတပ်က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲ ၂ နာရီခန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများ ရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး ရဲဘော်များ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။

“ဒီနေ့ မနက် ၉ နာရီလောက်မှာ လောင်းလုံးမြို့ပေါ်မှာ နှစ်ဖက်ပစ်ခတ်သံတွေကြားတယ်။ ပေါက်ကွဲသံတွေလည်း ကြားတယ်။ တိုက်ပွဲဖြစ်တာက ၂ နာရီလောက်ကြာတယ်။ လောင်းလုံးမြို့ပေါ်မှာရှိတဲ့ စစ်ခွေးတွေ တပ်စွဲထားတဲ့ ရဲစခန်းတို့ ထွေ/အုပ်ရုံးနဲ့ လဝက ရုံးတွေမှာရှိတဲ့ အဲနားတစ်ဝိုက်မှာ နှစ်ဖက်တိုက်ပွဲဖြစ်တယ်လို့ ကြားတယ်။ စစ်ခွေးတွေဘက်က ထိခိုက်သေဆုံးမှုတွေက ရှိနိုင်တယ်။ အတိကျတော့မသိရဘူး။ လက်ရှိမှာတော့ မြို့ထဲမှာတော့ ပစ်ခတ်အသံတွေ ထပ်တော့မကြားရတော့ဘူး” ဟု ဒေသတော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် မေလ ၂၂ ရက်နေ့မှ စတင်ကာ လောင်းလုံးမြို့ပေါ်မှ အင်းအား ၁၅၀ ခန့်ဖြင့် မြို့နယ်အောက်ပိုင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးလာသော စစ်တပ်ကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက လိုက်လံတိုက်ခိုက်ခြင်းကြောင့် ထိတွေ့တိုက်ပွဲ ၄ ကြိမ်ခန့် ဖြစ်ပွားခဲ့ကြောင်း၊ ထို့ပြင် လားဘုံးတောင်ရေဒါစခန်းအနီးတွင်လည်း တော်လှန်ရေးတပ်ဖွဲ့များ၏ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် စစ်တပ် စစ်ကြောင်းအထိနာကာ ရှေ့ဆက်မတိုးနိုင်တော့ဘဲ ယနေ့ဇွန်လ ၁ ရက်နေ့တွင် လောင်းလုံးမြို့ပေါ်သို့ ပြန်လည်ဆုတ်ခွာလာကြောင်း သိရသည်။

အဆိုပါ စစ်ကြောင်းသွားရာ လမ်းတစ်လျှောက်တွင်လည်း ပြည်သူ ၂ ဦးကို လူသားဒိုင်းအဖြစ် မတရားဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ လက်ရှိချိန်တွင် စစ်တပ် စစ်ကြောင်း ဆုတ်ခွာရွာ အနီးရှိ ရေဖြူရွာ၊ ရင်းဘုတ်ရွာ၊ ဂေါ်အေးရွာ၊ ညင်းမော်ရွာ၊ ကဒက်ငယ်ရွာ၊ ပိန်းနဲတောရွာနှင့် ထိန်ကြီးကျေးရွာ အပါအဝင် ရွာပေါင်း ၇ ခုကျော်မှ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“လားဘုံးတောင်ရေဒါစခန်းအနီး တိုက်ပွဲမှာ စစ်ခွေးတွေ အထိနာလို့ ရှေ့ဆက်မတိုးနိုင်ဘဲ ပြန်ဆုတ်တာ အဲကောင်တွေ လာတုန်းက အင်အား ၁၅၀ လောက်ရှိတယ်။ ပြန်ဆုတ်တော့ ၁၀၀ ဝန်းကျင်လောက်ပဲ ကျန်တော့တယ်။ အဲစစ်ခွေး စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်တာ ၄ ကြိမ်လောက်ရှိတယ်။ ဒရုန်းနဲ့ပါ တောက်လျှောက်ချတော့ အထိနာပြီး ပြန်ဆုတ်လာရတဲ့ သဘောပါ။ အဲ့စစ်ကြောင်းနဲ့ ထပ်ပြီး တိုက်ပွဲဖြစ်တာတော့ မကြားသေးဘူး။ စစ်ကြောင်း ပြန်ဆုတ်လာတဲ့ လမ်းပိုင်းမှာရှိတဲ့ ရွာပေါင်း ၇ ရွာကျော်လောက်က တိမ်းရှောင်နေရတုန်းပဲ သူတို့ပြန်ဆုတ်လာတဲ့ အချိန်မှာ ပြည်သူ ၂ ဦးကိုလည်း လူသားဒိုင်းအနေနဲ့ ဖမ်းထားတယ်။ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးလို့ သိရတယ်။ ဘယ်ရွာက ပြည်သူတွေလည်း ဆိုတာတော့ မသိရသေးဘူး” ဟု ဒေသတော်လှန်ရေးသတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။

ထိုစစ်ကြောင်းသည် မေလ ၂၈ ရက်နေ့တွင် ကဒက်ကြီးရွာရှိ ပြည်သူပိုင်နေအိမ် ၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ယင်းစစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ခုကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ရွာလုံးကျွတ် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article