28 C
Yangon

နတ်မောက်တွင် စစ်သားအချင်းချင်း သတ်ဖြတ်လာသော တပ်ကြပ် ရန်နိုင်ကို အရှင်ဖမ်းမိ၊ ငါန်းဇွန်တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၄ ဦးသေဆုံးကာ တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး

Must read

ရန်ကုန်၊ ဇွန် ၂

မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် စစ်သားအချင်းချင်း သတ်ဖြတ်လာသော စစ်တပ်ဘက်မှ တပ်ကြပ် ရန်နိုင်ဆိုသူကို အရှင်ဖမ်းမိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင်စစ်ဌာန၊ သရက်ခရိုင် အမှတ် ၃ ငါးပြေမတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

မေလ ၃၀ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် ထန်းပင်ကုန်းကြီးကျေးရွာနှင့် ညောင်အိုင်ကျေးရွာကြား ခရိုင်ချင်းဆက်လမ်းပိုင်း၌ နတ်မောက်မြို့နယ် ဆသလ ၂ တပ်ရင်းမှ တပ်ကြပ်ရန်နိုင် ကို နဖူးအပြဲဒဏ်ရာဖြင့် ငါးပြေမတပ်ရင်းက ဖမ်းဆီးရမိခဲ့ကြောင်း၊ ဖမ်းဆီးရရှိသော တပ်ကြပ်ရန်နိုင်မှာ မေလ ၂၉ ရက်နေ့ ညနေပိုင်းအမှတ် (၉၆၇) ဆောက်လုပ်ရေးတပ်ခွဲ (အင်ဂျင်နီယာ) မီး/ရေဌာနမှ စက်မောင်းရာထူး နေ့စားတပ်သားဖြစ်သူ ကျော်ဦးနှင့်အတူ နတ်မောက်မြို့နယ် ရွှေပန်းတောကျေးရွာမှ လစာထုတ်ပြီးအပြန် လမ်းတွင် စကားများရန်ဖြစ်ရာမှ တပ်သားကျော်ဦးကို တပ်ကြပ်ရန်နိုင်က သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

“ဖမ်းဆီးရမိခဲ့တဲ့သူက ဆေးကြောင်ကြောင်ပြီး အတူပါလာသူကို သတ်ပြီးခြေဦးတည့်ရာကိုသွားတာဖြစ်နိုင်တယ်။ ကျွန်တော်တို့က သတင်းရလို့သွားရောက်စစ်ဆေးချိန်မှာသူ့ကို ဖမ်းဆီးရမိတာ။ တပ်ကြပ်ရန်နိုင်က ပြန်လည် ခုခံတာမျိုးမရှိပါဘူး။တပ်ကြပ် ရန်နိုင် ၁ ဦးတည်းကို ဖမ်းဆီးရမိခဲ့တာပါ။ တပ်သားကျော်ဦးကို တပ်ကြပ် ရန်နိုင်က အချင်းချင်းစကားများပြီး တပ်ကြပ်ရန်နိုင်က ပစ်သတ်ခဲ့တာလား အဲဒီလိုမျိုးလားဆိုတော့ သူပြောတာတော့ ခဲနဲ့ ဦးခေါင်းအား ထုရိုက်သတ်ခဲ့တယ်လို့ ဖြေဆိုထားပါတယ်။ လက်နက်တော့မပါဘူး။ “ဟု ငါးပြေမ ပြောက်ကျားတပ်ဖွဲ့ မှ တာဝန်ရှိသူက ရှင်းပြသည်။

တပ်ကြပ်ရန်နိုင်ကို ဖမ်းဆီးရမိစဉ်အတွင်း ဆသလ ၂ ကိုယ်ပိုင်ကတ်ပြား၊ ဖုန်းနှင့် ငွေသား ၄၃၀,၀၀၀ ကျပ်တို့ကို သိမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

အလားတူ မေလ ၃၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅ မိနစ်အချိန် မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုန်ထဲတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များက မတ်တူး အိမ်စီးကားဖြင့် မြို့သာဘီယာဆိုင်သို့ လာရောက်သောက်စားခဲ့ကြကြောင်း၊ ထို့နောက် Light Truck ကားတစ်စီး ထပ်မံရောက်ရှိလာပြီး ဘီယာမူးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကားချင်းချိန်း၍ ပြန်အလာ မြင်းခြံတိုက်နယ် ၃ နဂါးနီပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကြိုတင်ကာကင်းပုန်းဝပ်၍ စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ၄ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ပြန်လည်ပစ်ခတ်မှုကြောင့် မြင်းခြံတိုက်နယ် ၃ နဂါးနီပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article