29 C
Yangon

အကြမ်းဖက် မင်းအောင်လှိုင်ခရီးစဉ်အတွင်း တရုတ်လက်ဝါးကြီးအုပ်ထားသော မြန်မာ့မြေရှားသတ္တုများရရှိရေး အိန္ဒိယက အပြင်းအထန် ကြိုးပမ်းပြီး မြန်မာစစ်တပ်က အိန္ဒိယနှင့်ပူးပေါင်းရန် သဘောတူ

Must read

ရန်ကုန်၊ ဇွန် ၃

အကြမ်းဖက် မင်းအောင်လှိုင်၏အိန္ဒိယခရီးစဉ်အတွင်း တရုတ်လက်ဝါးကြီး အုပ်ထားသော မြေရှားသတ္တု ရရှိရေး အိန္ဒိယက အပြင်းအထန် ကြိုးပမ်းပြီး နှစ်ဖက် ဆက်ဆံရေးတိုးမြှင့်ရန် သဘောတူကာ မြေရှားသတ္တုနှင့် အရေး ကြီး သတ္တုများ ရရှိရေးတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အိန္ဒိယအစိုးရက သတင်းထုတ်ပြန်သည်။

အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသည့် အကြမ်းဖက် မင်းအောင်လှိုင်နှင့် အိန္ဒိယဝန်ကြီးချုပ် နရင်ဒြာ မိုဒီတို့သည် နယူးဒေလီမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး၊ တရုတ်နိုင်ငံက အဓိကလက်ဝါးကြီးအုပ်ထားသည့် မြေရှားသတ္တုနှင့် အရေးကြီးတွင်းထွက်ပစ္စည်းများ ရရှိရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် အပါအဝင် နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရန် သဘောတူညီခဲ့ကြခြင်းဖြစ်သည်။

မင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ် အိန္ဒိယက မဟာဗျူဟာမြောက် အရေးပါလှသည့် မြေရှားသတ္တုနှင့် အရေးကြီးတွင်းထွက်ပစ္စည်းများ ရရှိရေး၊ ထောက်ပံ့မှုကွင်းဆက်ဆိုင်ရာ ကိစ္စရပ်များမှာ အဓိကဆွေးနွေးစရာ ခေါင်းစဉ်များ ဖြစ်ခဲ့သည်ဟု အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် ဗီကရမ် မစ်ဆရီက ပြောကြားသည်။

၎င်းက “နှစ်နိုင်ငံစလုံးဟာ မြေရှားသတ္တုနဲ့ အရေးကြီး သတ္တုတွေနဲ့ပတ်သက်ပြီး ဆွေးနွေးပြောဆိုမှုတွေ လုပ်နေတာ အတော်အတန် ကြာခဲ့ပြီဖြစ်သလို၊ အခုလည်း မဟာဗျူဟာမြောက် အရေးပါတဲ့ ဒီကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုတိုးမြှင့် လုပ်ဆောင်သွားဖို့ သဘောတူညီခဲ့ကြပါတယ်” ဟု ပြောဆိုသည်။

မြန်မာနိုင်ငံသည် ကချင်ပြည်နယ်အတွင်းရှိ တရုတ်နယ်စပ်အနီးတွင် မြေရှားသတ္တု အမြောက်အမြား ထွက်ရှိသည့် နေရာများကို ပိုင်ဆိုင်ထားသော်လည်း ယင်းမြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းများနှင့် ထွက်ရှိသော မြေရှားသတ္တုများကို တရုတ်က လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားခြင်းဖြစ်သည်။

ကမ္ဘာတစ်ဝန်းလုံးတွင် လျှပ်စစ်ကားများ၊ သန့်စင်စွမ်းအင်နည်းပညာများနှင့် အဆင့်မြင့်ကုန်ထုတ်လုပ်မှုများအတွက် မြေရှားသတ္တု လိုအပ်ချက် တိုးမြင့်လာပြီး ကမ္ဘာ့ပြိုင်ဆိုင်မှု ပြင်းထန်နေစဉ်အတွင်း၊ အိန္ဒိယနိုင်ငံအနေဖြင့် မဟာဗျူ ဟာမြောက် တွင်းထွက်ပစ္စည်းများ ရရှိနိုင်မည့် လမ်းကြောင်းကို အရှိန်မြှင့်တင် ရှာဖွေရန် ကြိုးပမ်းနေချိန် အိန္ဒိယကလည်း မြန်မာစစ်တပ်နှင့်ပူးပေါင်း၍ မြေရှားသတ္တုကုန်ကြမ်းများ ရရှိရန် ကြိုးပမ်းလာခြင်းဖြစ်သည်။

ယင်းအပြင် စီးပွားရေးနှင့် စွမ်းအင်ကဏ္ဍများအပြင် နှစ်ဖက်စလုံးက ကာကွယ် ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း အလေးထား ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် ဗီကရမ် မစ်ဆရီက “မြန်မာနိုင်ငံနဲ့ ကာကွယ် ရေး ကဏ္ဍမှာ အိန္ဒိယရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ သင်တန်းပေးခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်းနဲ့ အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေအပေါ်မှာပဲ အဓိက ဦးတည်ထားတာ ဖြစ်ပါတယ်” ဟု ပြောဆိုသည်။

အထူးသဖြင့် မြန်မာစစ်တပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်း စဉ်များတွင် ပါဝင်နိုင်ရန်အတွက် အထူးလေ့လာရေး အစီအစဉ်များနှင့် အသိ ပညာမျှဝေမှုများဖြင့် အိန္ဒိယက တက်ကြွစွာ ကူညီပေးနေခြင်း ဖြစ်သည်ဟု ဆိုသည်။

အိန္ဒိယနှင့်မြန်မာအကြား ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ စီမံကိန်းများဖြစ်သည့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးနှင့် ကုလားတန်ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်းများ၏ လက်ရှိအခြေအနေများကိုလည်း ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article