29 C
Yangon

ရေး၊ စကု၊ ချောင်းဦး၊ ပေါက်၊ ရေဦးနှင့် မင်းတပ်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံးပြီး နေအိမ်များ ပျက်စီး

Must read

ရန်ကုန်၊ ဇွန် ၃

မွန်ပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တို့ရှိ မြို့နယ်အသီးသီးမှ ကျေးရွာများကို အကြမ်းဖက်စစ်တပ်က လေယာဉ်နှင့် လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ ၂ ဦး သေဆုံးကာ နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇွန်လ ၃ ရက်နေ့ နံနက် ၁ နာရီခန့်အချိန် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ချောင်းဖျားဒေသကို အကြမ်းဖက်စစ်တပ်က ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံး ၄ ကြိမ် ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း လူနေတဲအိမ်တစ်လုံးကို ဗုံးထိမှန်ခဲ့သဖြင့် အပြစ်မဲ့ခြံလုပ်သား ပြည်သူ ၁ ဦး သေဆုံးခဲ့ရကြောင်း ရေးဘီလူးတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“လူနေတဲတစ်လုံးအနားမှာကြတယ်။ ခြံလုပ်သားပြည်သူတစ်ဦးသေဆုံးတယ်။ ကျဲသွားတာတော့သေချာတယ်။ ရေးမြို့နယ် ချောင်းဖျားဒေသကို ကျဲသွားတာပါ ဖိုက်တာ လေယာဥ် ၂ စင်းနဲ့ ဗုံး ၄ လုံး ကျဲသွားတာပါ” ဟု ၎င်းက ပြောဆိုသည်။

အလားတူ ယမန်နေ့ ဇွန်လ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၇ မိနစ်ခန့်အချိန် မကွေးတိုင်း၊ စကုမြို့နယ် အနောက်ဘက်ခြမ်းကျေးရွာများကို မကွေးလေတပ်မှ တက်လာသော ဂျက်တိုက်လေယာဉ် ၁ စီးက ဗုံး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

“တိုက်ပွဲဖြစ်တာမရှိဘူး။ ဟိုရက်ပိုင်းက မင်းဘူးစကုမြို့နယ် ပကဖနဲ့ အဖွဲ့တွေ စစ်ခွေးကားကို ဆယ့်ငါးမိုင်အနီး မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ခွေးဘက်က စစ်ကြောင်း ၂ ကြောင်းထိုးနေတာတော့ရှိတယ်။ စစ်ခွေးကျဲသွားလို့ ပြည်သူ ၁ ဦးသေဆုံးတယ်။ နေအိမ် ပျက်စီးတာမျိုးကို ကျွန်တော်တို့ ဆက်လက် စုံစမ်းနေဆဲပါ။ သေဆုံးတာက ပြည်သူ ၁ ဦးကတော့ အမျိုးသားပါ။ အသက်အရွယ်ကတော့ လူလတ်ပိုင်းပါပဲ။ စစ်ခွေးတွေ ဗုံး ၂ လုံးနဲ့ ကျဲသွားတာပါ။ ပြည်သူများ အနေဖြင့် စစ်ကြောင်းနဲ့ လေကြောင်း အန္တရာယ်တို့ကို သတိပြုနေထိုင်ချဖို့ ပြောချင်ပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

ထို့အတူ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ထွေ/အုပ်ရုံး၌ တပ်စွဲထားသော စစ်တပ်က ဇွန်လ ၂ ရက်နေ့တွင် ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး ၁၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုနှင့် ပတ်သက်၍ မြောင်မြို့သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူက “ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမရှိပါဘူး။ လူနေအိမ်တွေတော့ ပျက်စီးတာတော့ရှိလောက်တယ်။ ဘယ်သူမှ ရွာတွေထဲကို ဝင်မကြည့်ရဲသေးဘူး။ လက်နက်ကြီးနဲ့ ပစ်ခံရတဲ့ ရွာတွေက ပြည်သူတွေက စစ်ဘေးရှောင်နေရပါတယ်။ ဘယ်ကျေးရွာက နေအိမ် ဘယ်နှလုံး ပျက်စီးသွားတယ်ဆိုတာတော့ အတိအကျ မသိရသေးဘူး။ စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ” ဟု ပြောကြားသည်။

ယမန်နေ့ ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်းနှင့် ညနေပိုင်း မကွေးတိုင်း၊ ပေါက်မြို့နယ်တွင်လည်း မကွေးလေတပ်မှ တက်လာသော ဂျက်တိုက်လေယာဉ် ၂ စီးနှင့် လေယာဉ် ၁ စီးတို့က ပေါက်မြို့နယ် အရှေ့မြောက်ပိုင်းရှိ ကျေးရွာများကို ဗုံးကျဲတိုက်ခိုက်ခဲ့သည်။ သို့သော်လည်း အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေအသေးစိတ်ကိုမူ လက်ရှိအချိန်အထိ အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ယင်းအပြင် စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် မြောက်ဘက်ခြမ်းကျေးရွာများကိုလည်း ဇွန်လ ၂ ရက်နေ့တွင် မကွေးနှင့် တံတားဦးလေတပ်မှ တက်လာသော ဂျက်တိုက်လေယာဉ်များက လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ် ပြုလုပ်ခဲ့သည်။

ရေဦးမြို့နယ် အနောက်ခြမ်းဇုံ သတင်းဆက်သွယ်ရေး တာဝန်ခံ ကိုထူးခန့်ဇော်က “ရေဦးဘက်မှာ မြေပြင်စစ်ရေးလှုပ်ရှားမှု မရှိတာလဲ ၂ နှစ်​ကျော် ၃ နှစ်နီးပါးရှိပြီ မြို့ပေါ်နေပြည်သူတွေကို အတင်းအားဓမ္မပေါ်တာဆွဲတယ်၊ အရပ်သားပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေဘက်ကို လေယာဉ်၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တယ်။ မြေပြင်စစ်ကြောင်းမထိုးနိုင်သလို အပြစ်မဲ့ပြည်သူတွေကို အကြောက်တရားသွင်းတာလဲ ပါပါတယ်။ ကျွန်တော်တို့ပြည်သူတွေအနေနဲ့ လက်နက်ကြီးအန္တရာယ်နဲ့ လေကြောင်းအသိသတိရှိကြဖို့ အထူးဂရုစိုက်နားစွင့်နေထိုင်ကြဖို့ အဓိကပြောချင်ပါတယ်” ဟု ရှင်းပြသည်။

အခြားတစ်ဖက်တွင်လည်း ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းသို့ စစ်တပ်က စစ်ကြောင်းထိုး တိုက် ခိုက်နေခြင်းကြောင့် နေ့စဉ် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး၊ ဇွန်လ ၂ ရက်နှင့် ၃ ရက်နေ့တို့တွင်လည်း စစ်တပ်က ဂျက်တိုက်လေယာဉ်များဖြင့် ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုများ ပြု လုပ်လျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- မင်းတပ်တွင် စစ်တပ်က မီးရှို့မှုများ လုပ်ဆောင်နေစဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article