ရန်ကုန်၊ ဇွန် ၃
တနင်္သာရီတိုင်းနှင့် ချင်းပြည်နယ်တို့တွင် စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးတိုက်ခိုက်မှုများနှင့် အရပ် ဘက်ပစ်မှတ်များကို မီးရှို့ဖျက်ဆီးမှုများကြောင့် ဒေသခံပြည်သူ ထောင်ပေါင်းများစွာ စစ်ဘေးတိမ်းရှောင်နေကြရပြီး အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိသည်။
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်းရှိ မောတောင်မြို့တွင် အာဏာသိမ်းစစ်တပ်က ပြန်လည်ဝင်ရောက်တပ်စွဲပြီးနောက် တကောဖောလူကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်ကာ စာသင်ကျောင်းနှင့် ဘုရားကျောင်းများ အပါအဝင် အရပ်ဘက် အဆောက်အအုံများကို မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း KNU က သတင်းထုတ်ပြန်သည်။
မေလ ၁၉ ရက်နေ့တွင် အဆိုပါစစ်ကြောင်းသည် တကောဖောလူကျေးရွာအတွင်းရှိ ပြည်သူ့နေအိမ် ၇ လုံး၊ အထက် တန်းစာသင်ကျောင်း ၁ လုံး၊ ကျောင်းသူကျောင်းသားများ နေထိုင်သည့် ဘော်ဒါဆောင် ၁ လုံး၊ ခရစ်ယာန်ကျမ်းစာကျောင်း အဆောက်အအုံ ၁ လုံး၊ ခရစ်ယာန်သာသနာပိုင် ဆုတောင်းခန်းမ ၁ လုံး၊ အသင်းတော်အိမ် ၁ လုံးနှင့် အသင်းတော်ခန်းမဆောင် ၁ လုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့သည်။
ထို့ပြင် ကျေးရွာအတွင်း ကျန်ရှိနေသည့် ခရစ်ယာန်ဘုရားကျောင်း အဆောက်အအုံ ၁ လုံးနှင့် အခြားဘော်ဒါ ဆောင်များ၊ ပြည်သူ့နေအိမ်များကိုလည်း ရိုက်ခွဲဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အလားတူ ချင်းပြည်နယ် တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင်ခန့်အကွာတွင် စစ်ကောင်စီတပ်နှင့် ဒေသခံကာ ကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း မင်းတပ်မြို့နယ် စစ်ဘေးရှောင်ကူညီရေးကော်မတီ (Mindat Township IDPs Camp Management Committee) မှတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
စစ်တပ်က မင်းတပ်မြို့နယ်အတွင်းသို့ ဖြတ်လေးဖြတ်စနစ်ကို အသုံးပြုကာ အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး၊ မေလ ၃၀ ရက်နေ့ကလည်း မင်းတပ်မြို့နယ်အတွင်းရှိ ထင်ချောင်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သည်။
လက်ရှိအချိန်အထိ မင်းတပ်မြို့နယ်အတွင်း စစ်ဘေးရှောင်ပြည်သူ ၁၇,၀၀၀ ဝန်းကျင်အထိ ရှိလာနိုင်ကြောင်း ခန့်မှန်းထားပြီး၊ စစ်ဘေးရှောင်စာရင်းများကို ဆက်လက်ကောက်ယူနေဆဲဖြစ်သည်။ ပြည်သူများအနေဖြင့် ရေရှည်စစ်ဘေးရှောင်ရမည့် အနေအထားဖြစ်လာနိုင်သဖြင့် အရေးပေါ်အကူအညီများ ဝိုင်းဝန်းပံ့ပိုးပေးကြရန် ကော်မတီက မေတ္တာရပ်ခံထားသည်။
စစ်အာဏာသိမ်းပြီးချိန်မှစ၍ မင်းတပ်မြို့နယ်အတွင်း သေဆုံးသူ အရပ်သား ၇၆၆ ဦးအထိ ရှိခဲ့ရာ အဆိုပါသေဆုံးမှုများတွင် စစ်ကောင်စီ၏ ပိတ်ဆို့မှုများကြောင့် ဆေးဝါးပြတ်လပ်ပြီး နာတာရှည် ရောဂါနှင့် လေဖြတ်ဝေဒနာ ခံစားရသူ ၄၀၀ ကျော် ပါဝင်နေသည်။
ထို့ပြင် ဖျားနာခြင်း၊ အစာအိမ်နှင့် ဖောရောင်ဝေဒနာများကြောင့် သေဆုံးသူ ၁၀၀ ကျော်၊ မွေးကင်းစနှင့် ၃ လအောက် ကလေးငယ် သေဆုံးမှု ၁၄ ဦးနှင့် မီးတွင်းသေဆုံးသူ ၁၇ ဦးအထိ ရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်သည် ချင်းပြည်မြောက်ပိုင်းရှိ ဖလမ်း၊ တီးတိန်နှင့် တွန်းဇံမြို့တို့ကို ပြန်လည်ထိန်း ချုပ်ပြီးနောက်၊ ချင်းပြည်တောင်ပိုင်းကိုပါ ယောဒေသဘက်မှတစ်ဆင့် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသည့်အပြင်၊ လေကြောင်းလိုင်းကို အသုံးပြု၍ အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေသည်။






