25.7 C
Yangon

အထက်မင်းလှမြို့၊ တော်ဝင်နှင်းဆီ KTV တွင် ကပစ တပ်သားအချင်းချင်း ရန်ဖြစ် ဓားဖြင့်ထိုး၍ စစ်သား ၁ ဦးသေဆုံး၊ ရန်ပွဲကို ကပစ ၂ မှ စစ်ဗိုလ်က သေနတ်ဖြင့် ပစ်ခတ်ထိန်းသိမ်းရာမှ နောက်ထပ် စစ်သားတစ်ဦး ထပ်မံသေဆုံး

Must read

ရန်ကုန်၊ ဇွန် ၄

မကွေးတိုင်း၊ အထက်မင်းလှမြို့ရှိ တော်ဝင်နှင်းဆီ KTV တွင် စစ်တပ်ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) တပ်မှ တပ်သားအချင်းချင်း ရန်ဖြစ်ကြရာမှ ဓားဖြင့်ထိုးမှုနှင့် သေနတ်ဖြင့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး တပ်သားနှစ်ဦး သေဆုံးကာ အခြားတပ်သားအချို့လည်း ဒဏ်ရာရရှိခဲ့ကြောငး ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

မေလ ၃၁ ရက်နေ့ ညပိုင်း မင်းလှမြို့ပေါ်ရှိ “တော်ဝင်နှင်းဆီ” ကေတီဗွီ (KTV) သို့ အမှတ် ၁၀ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၀) နှင့် အမှတ် ၂ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂) တို့မှ စစ်ကောင်စီတပ်သားများနှင့် ဗိုလ်ကြီးတစ်ဦးတို့ ရောက်ရှိလာပြီး အခန်းလုကြရာမှ တပ်သားအချင်းချင်း စကားများ ရန်ဖြစ်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ စစ်သား အချင်းချင်း ရန်ဖြစ်ကြစဉ် ကပစ ၂ မှ တပ်သားတစ်ဦးက ကပစ ၁၀ မှ တပ်သားအား ဓားဖြင့် ထိုးခဲ့သောကြောင့် ဓားထိုးခံရသည့် တပ်သားမှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။ ဓားထိုးမှု ဖြစ်ပွားခဲ့သော်လည်း ရန်ပွဲမှာ ပြီးဆုံးမသွားဘဲ အပြန်အလှန် ထိုးကြိတ်ကာ ရုန်းရင်းဆန်ခတ် ဆက်လက်ဖြစ်ပွားနေသဖြင့် အတူပါလာသည့် ကပစ ၂ မှ ဗိုလ်ကြီးက ကပစ ၂ မှ တပ်သားများကို သေနတ်ပစ်ဖောက် ရန်ပွဲကို ထိန်းသိမ်းခဲ့ကြောင်း၊ ထိုသို့ သေနတ်ဖြင့် ပစ်ခတ်စဉ် တပ်သား ၁ ဦး ကျည်ထိမှန်ပြီး ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူနေစဉ်အတွင်း သေဆုံးသွားခဲ့ရကြောင်း၊ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အခြားတပ်သားအချို့လည်း ဒဏ်ရာများ ရရှိခဲ့ကြ​ကြောင်း သိရှိရသည်။

လက်ရှိတွင် ရန်ပွဲတွင် ပါဝင်ပတ်သက်ခဲ့သည့် ဗိုလ်ကြီး အပါအဝင် တပ်သားအားလုံးကို ဖမ်းဆီးထိန်းသိမ်းထားပြီး လူသတ်မှု၊ ကိုယ်ထိလက်ရောက်ကျူးလွန်မှု၊ တာဝန်ချိန် ပြင်ပသို့ ခိုးထွက်မှု အပါအဝင် တပ်စည်းကမ်းချိုးဖောက်မှုများဖြင့် အရေးယူထားကြောင်း သိရှိရသည်။

” အခင်းဖြစ်တဲ့ နေရာက တပ်တွေနဲ့ ၁၃ မိုင်လောက်ကွာမယ်၊ ညဆို ကင်းပြောင်းကင်းချိန်း ဆိုင်ကယ်နဲ့ ကေတီဗွီကို ခိုးထွက်ကြရင်းဖြစ်ကြတာ”ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

ယခုကဲ့သို့ စစ်ကောင်စီတပ်သားအချင်းချင်း KTV တွင် အရက်သောက် ရန်ဖြစ်ရာမှ သေနတ်ပစ်ခတ် လူသေဆုံးသည်အထိ ဖြစ်ပွားခဲ့သည့်အတွက် တပ်တွင်း အရေးယူများစွာ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

“လက်ရှိ ကပစ တပ်နယ်မှူးက ဒီဖြစ်စဉ်ကြောင့် သူ့ကိုလည်း အထက်က ထောင်းတော့ အတော်ဒေါသထွက်နေတယ်၊ တပ်မှာ အကုန် စည်းကမ်းတွေ တင်းကြပ်နေတယ်”ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article