ရန်ကုန်၊ ဇွန် ၄
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရေပြာရွာနှင့် ကုက္ကိုစုရွာရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို တော်လှန်ရေးတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ဒေသတော်လှန်ရေးအင်အားစုများ ထုတ်ပြန်ချက်နှင့် ဒေသစစ်ရေးသတင်းရင်းမြစ် ပြောဆိုချက်အရ သိရသည်။
ဇွန်လ ၃ ရက်နှင့် ယနေ့ ၄ ရက်နေ့တို့တွင် ပေါက်မြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ရေပြာရွာနှင့် ကုက္ကိုစုရွာရှိ စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ လေကြောင်းဖြင့် အကြိမ်ကြိမ် ဗုံးကျဲ ခုခံ တိုက်ခိုက်ခဲ့သော်လည်း သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုတိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အခြေအနေနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
“ရေပြာရွာနဲ့ ကုက္ကိုစုရွာက စစ်ခွေးစခန်းတွေကို သိမ်းလိုက်ပြီလို့တော့ ကျနော်တို့ သိထားရတယ်။ နောက်ဆက်တွဲ အခြေအနေတွေတော့ ကျနော်လည်း မသိရသေးပါဘူး” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
လက်ရှိချိန်တွင် တိုက်ပွဲအတွင်း ထွက်ပြေးနေသော စစ်သားနှင့် ပျူစောထီးများကို တော်လှန်ရေးတပ်က လိုက်လံ တိုက်ခိုက်နေဆဲဖြစ်ပြီး ထိတွေ့တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း၊ အဆိုပါ တိုက်ပွဲဖြစ်စဉ် အသေးစိတ်ကို သိရှိနိုင်ရန် သက်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့များကို ဆက်သွယ် မေးမြန်းထားသော်လည်း ပြန်လည် ဖြေဆိုခြင်းမရှိသေးပေ။




