25.2 C
Yangon

အုတ်ဖိုတွင် စစ်တပ်က ပြည်သူများကို ကြို့ကြာကွင်းရွာ ဘုန်းကြီးကျောင်းထဲ၌ လူသားဒိုင်း အဖြစ် ဖမ်းဆီးထားပြီး ကျေးရွာ ၅ ခုကို ဆက်တိုက် မီးရှို့ဖျက်ဆီးထား

Must read

ရန်ကုန်၊ ဇွန် ၆

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူများကို ကြို့ကြာကွင်းရွာ ဘုန်းကြီးကျောင်းထဲ၌ လူသားဒိုင်းအဖြစ် ဖမ်းဆီးထားပြီး ကျေးရွာ ၅ ခုကို ဆက်တိုက် မီးရှို့ဖျက်ဆီးထားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၃၁ ရက်နေ့မှ စတင်ပြီး အုတ်ဖိုမြို့နယ်၊ ချောင်းခွရွာကို ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဇွန်လ ၁ ရက်နေ့ထိ နေအိမ်များကို ၂ ရက်ဆက် မီးရှို့ခဲ့ပြီး ပြည်သူပိုင် ပစ္စည်းများကိုလည်း စိတ်ကြိုက်ခိုးယူခဲ့ကြောင်း၊ ထို့နောက် စစ်ကြောင်းသည် ဇီးတောလေးကျေးရွာ၊ ကျွဲတဲကုန်းကျေးရွာနှင့် ချောင်းဆုံလေးကျေးရွာတို့ကိုလည်း ထပ်မံဝင်ရောက်စီးနင်းပြီး နေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဇွန်လ ၅ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကျွန်းလှကုန်းရွာကို ထပ်မံဝင်ရောက်စီးနင်းခဲ့ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် ကြို့ကြာကွင်းရွာဘုန်းကြီးကျောင်းတွင်လည်း စစ်တပ်က ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားကြောင်း သိရှိရသည်။

“အုတ်ဖိုမြို့နယ်၊ ကျွန်းလှကုန်းကျေးရွာကို စစ်ခွေးစစ်ကြောင်းက မနေ့က ထပ်ပြီး မီးရှို့ဖျက်ဆီးတယ်။ အဲ့စစ်ခွေးတွေက ကြို့ကြာကွင်းရွာ ဘုန်းကြီးကျောင်းမှာလည်း ပြည်သူတွေကို ဖမ်းထားပြီး PDF တွေ လာမတိုက်နိုင်အောင် လူသားဒိုင်းလုပ်ထားတယ်။ ဒီကောင်တွေက ရွာတွေပတ်မွှေနေပြီး ပြည်သူပိုင်ပစ္စည်းများကိုလည်း စိတ်ကြိုက်ကို ခိုးယူနေတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဇွန်လ ၁ ရက်နေ့ကလည်း ၎င်းတို့ ဖမ်းဆီးထားသော ပြည်သူ ၅ ဦးကို သတ်ဖြတ်ပြီး ရုပ်အလောင်းများကို ချောင်းခွရွာထိပ်တွင် စွန့်ပစ်ထားကြောင်း၊ ကျေးရွာနေ ပြည်သူများလည်း ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရသောကြောင့် သေဆုံးသူများသည် မည်သူမည်ဝါ ဖြစ်သည်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

အလားတူ မေလ ၂၆ ရက်နေ့ကလည်း အုတ်ဖိုမြို့နယ်၊ ကိုင်ကြီးကျေးရွာအတွင်း ပြန်လည်ဝင်ရောက်လာသော စစ်ဘေးရှောင်ပြည်သူ ၃ ဦးကို စစ်တပ် ကင်းပုန်းက လိုက်လံပစ်ခတ်ခြင်းကြောင့် အသက်၅၀ ကျော်အရွယ် ဦးအေးကြီးနှင့် အသက် ၄၀ ကျော်အရွယ် ဦးဖိုးဇော်တို့ နေရာတင်ပွဲချင်းပြီး သေဆုံးကာ ၎င်းတို့ ယူဆောင်လာသော ငွေကျပ် ၃၅ သိန်းကိုလည်း ယူဆောင်သွားကြောင်း သိရှိရသည်။

လက်ရှိချိန်ထိ စစ်တပ် စစ်ကြောင်းကြောင့် ဒေါင်းကြီးရွာ၊ ဒေါင်းလေးရွာ၊ ကျေးပင်ဆိတ်ရွာ၊ မအူတန်းရွာ၊ ဝင်းသရက်ရွာ၊ သရက်နှစ်ပင်လိမ်ရွာ၊ ကိုင်းရှိုကြီးရွာ၊ သာလိကာရွာ၊ ချောင်းခွကြီးရွာ၊ ကျွဲတဲကုန်းရွာ၊ ကြိုးကြာကွင်းရွာ၊ စမ်းကြီးကုန်းရွာ၊ စံပြရွာ၊ ထွက်တိုးရွာ၊ ရေငံရွာ၊ စမ်းသုခရွာ၊ ကိုင်းတောစုရွာ၊ ကြို့ကိုးပင်ရွာ၊ ချင်းစုရွာ၊ ကျွဲဖြူမရွာ၊ ရွာရှောင်ရွာ၊ ကိုင်းကြီးရွာ၊ ကိုင်းလေးရွာ၊ တင်းကုတ်ရွာ၊ ဥတိုရွာ၊ ရေဒါရွာနှင့် ကျေးပြတ်ရွာတို့အပါအဝင် ရွာပေါင်း ၃၀ နီးပါးမှ သောင်းနှင့်ချီသောပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေကြောင်း သိရသည်။

ဓာတ်ပုံ – နတ်တလင်းမြို့နယ်၊ ဖလံပင်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article