25.2 C
Yangon

မင်းတုန်းမြို့နယ်နှင့် သရက်မြို့နယ်အတွင်း၌ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၈ ဦး သေဆုံး၊ အထိနာသော စစ်တပ်က ပြည်သူ ၂ ဦးကို ရိုက်နှက်အရှင်လတ်လတ်မီးရှို့သတ်ဖြတ်

Must read

ရန်ကုန်၊ ဇွန် ၆

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်နှင့် သရက်မြို့နယ်အတွင်း၌ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦး သေဆုံးခဲ့ပြီး၊ အထက်မင်းလှမြို့နယ်တွင် စစ်သားများက အပြစ်မဲ့ပြည်သူ ၂ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ကာ နေအိမ် ၆ လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း ဗမာပြည်ကာကွယ်ရေး – USBA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုသာချိုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၂၈ ရက် နံနက် ၁၁ နာရီဝန်းကျင်တွင် မင်းတုန်းမြို့နယ်၊ ပုသိမ်-မုံရွာလမ်းအတိုင်း မင်းတုန်းမြို့နယ်မြောက်ခြမ်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော အင်အား ၁၅၀ ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းကို ပုသိမ်-မုံရွာလမ်းပေါ်ရှိ ပန်းတောကျေးရွာအနီးအရောက် အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ရာ၊ အပြန်အလှန် ပစ်ခတ်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်သား ၂ ဦး သေဆုံးကာ ၅ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းစစ်ကောင်စီစစ်ကြောင်းသည် ဇွန်လ ၅ ရက်နေ့အထိ မင်းတုန်းမြို့နယ်မြောက်ခြမ်းရှိ ပန်းတော‌၊ ပြည့်ဇင်၊ ပိန္နဲပင်၊ ဆင်သေ၊ သဒွန်း၊ ရွာပုလဲ၊ တကောင်းနတ်၊ သွေးကျောက်ဝ၊ လယ်ကြီးဒေါင့် စသည့် ကျေးရွာများသို့ လှည့်လည်စစ်ကြောင်းထိုးကာ ပြည်သူပိုင် ရွှေငွေပစ္စည်းများ၊ ကားနှင့် ဆိုင်ကယ်များကို မွှေနှောက်ခိုးယူခြင်း၊ ကျေးရွာအတွင်းရှိ ကြက်၊ ဝက်များကို ပစ်ခတ်စားသောက်ခြင်းများ နေ့စဉ်ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ကျေးရွာပတ်ဝန်းကျင်များကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အချက်ပေါင်းများစွာ မကြာခဏ ရမ်းသန်းပစ်ခတ်ခဲ့ပြီး ဇွန်လ ၅ ရက်နေ့တွင် ရွာပုလဲကျေးရွာ၊ တကောင်းနတ်ကျေးရွာနှင့် လယ်ကြီးဒေါင့်ကျေးရွာများသို့ တပ်ဖြန့်နေရာယူထားကြောင်း သိရသည်။

ဇွန်လ ၂ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်အချိန်တွင် သရက်မြို့နယ်အခြေစိုက် ကပစ ၁၂ မှ မင်းတုန်းဘက်သို့ အိမ်စီးကား ၂ စီး၊ ဖောကား ၂ စီးဖြင့် မောင်းနှင်လာသော ထောက်ပို့ယာဉ်တန်းအား စိုင်ဒိုးကျေးရွာအနီးအရောက် အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးပြီး ၈ ဦး အပြင်းအထန် ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။

ထို့အတူ ဇွန်လ ၄ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် သရက်မြို့နယ်၊ ဘော်ရဲစခန်းရှေ့၌ ပြည်သူ့ကားများထံမှ ငွေညှစ်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အနီးကပ်ချဉ်းကပ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

အလားတူ မေလ ၂၈ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ အထက်မင်းလှမြို့နယ် ကညင်းကြီး၊ မလွန်စမ်း၊ စည်း၊ ရေတွင်းမြောင်၊ ကလန်စင်၊ စမ်းအိုင်၊ ကုတင်ကြီးကျေးရွာများနှင့် ဆင်ပေါင်ဝဲမြို့နယ် ထိန်အင်း၊ ယင်းအိုင်ကျေးရွာများဘက်သို့ စစ်ကြောင်းထိုးမွှေနှောက်ခဲ့သော ကပစ ၂၊ ကပစ ၁၀ နှင့် လင်းကယ်ရဲစခန်းတို့ ပူးပေါင်းထားသည့် အင်အား ၂၀၀ နီးပါးပါ စစ်ကြောင်းသည် စမ်းအိုင်ကျေးရွာမှ အပြစ်မဲ့ပြည်သူ ၁ ဦးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ပြီး၊ အခြားပြည်သူ ၁ ဦးကိုမူ မသေမချင်း ရိုက်သတ်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူ စုစုပေါင်း ၂ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

ထို့ပြင် ဒေသခံပြည်သူများ၏ ထမင်းအိုးပါမကျန် ပစ္စည်းများကို ဖောကား ၄ စီးဖြင့် အပြည့်ခိုးယူသွားသည့်အပြင်၊ အပြစ်မဲ့ပြည်သူများ၏ နေအိမ် ၆ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။ ဒေသခံပြည်သူ ၅ ဦးခန့်ကိုလည်း မတရားဖမ်းဆီးခေါ်ဆောင်သွားခဲ့သဖြင့် မိသားစုများနှင့် အဆက်အသွယ် ပြတ်တောက်လျက်ရှိကြောင်း သိရသည်။

“ပထမစစ်ကြောင်းက ရွာပုလဲကျေးရွာ၊ တကောင်းနတ်ကျေးရွာနဲ့ လယ်ကြီးဒေါင့်ကျေးရွာတွေမှာပဲ ရှိပါသေးတယ်။ မင်းလှဘက်က စစ်ကြောင်းကတော့ မနက်အစောကြီး ၄ နာရီလောက်ကတည်းက ဝင်လာလိုက်တာ၊ တိုက်ပွဲတွေဘာတွေတောင် ဖြစ်ချိန်မရလိုက်ဘဲနဲ့ ဝင်ရောက်စီးနင်းပြီးတော့မှ အဲလိုမျိုးလုပ်သွားတာဖြစ်ပါတယ်။ တကယ်တမ်းကတော့ ပြန်လာရင်တိုက်ဖို့ အကုန်လုံးပြင်ထားပြီးသားပဲ၊ အဲဒီမှာ သတင်းပေါက်ပြီးတော့မှ လမ်း ကြောင်းကို ရအောင်ဖောက်ထွက်သွားပြီး ပြန်သွားလို့ တိုက်ပွဲမဖြစ်လိုက်ဘူး” ဟု ဗမာပြည်ကာကွယ်ရေး – USBA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုသာချိုက ပြောကြားထားသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်မှ တိုက်ပွဲအတွင်း သေဆုံးသော အရာရှိတစ်ဦး၏ နာရေး ပြင်ဆင်ထားမှု။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article