ရန်ကုန်၊ ဇွန် ၆
ချင်းတောင်ပိုင်းကို ထိုးစစ်ဆင်လာသည့် စစ်ကြောင်းကို ဗျူဟာကျကျ တုန့်ပြန်တိုက်ခိုက်နေပြီး စစ် ကောင်စီတပ်သားအများအပြား သေဆုံးနေသော်လည်း နောက်ထပ် နှစ်လသုံးလခန့်ကြာမှ အောင် ပွဲအဖြေထုတ်နိုင်မည်ဖြစ်ကြောင်း CB/CPU-CPA မှ အထွေထွေ အတွင်းရေးမှူး ဆလိုင်းယောမန်က ပြောကြားသည်။
ယနေ့ ဇွန်လ ၆ ရက် နံနက်ပိုင်း ချင်းညီနောင်အတွက် အထူးရံပုံငွေရှာဖွေပွဲ- CB/CPU-CPA စစ် ဒေသများအတွက် အရေးပေါ် ရန်ပုံငွေရှာဖွေပွဲတွင် ၎င်းက ယင်းကဲ့သို့ ထည့်သွင်းပြောဆိုထားသည်။
မေလလယ်ခန့်မှစ၍ ချင်းပြည်နယ်တောင်ပိုင်းရှိ မင်းတပ်မြို့နယ်နှင့် ကန်ပက်လက်မြို့နယ်တို့ကို စစ်တပ်က စစ်မှုထမ်းတပ်သား အင်အား ၂၀၀၀ ခန့်အသုံးပြု၍ ထိုးစစ်ဆင်နေ ကြောင်း၊ ယင်းတိုက်ပွဲများအတွင်း စစ်တပ်က စစ်မှုထမ်းတပ်သားများကို မူးယစ်ဆေးဝါးများ ကျွေးကာ အသေခံထိုးစစ်ဆင်နေခြင်းဖြစ်ပြီး အများအပြားသေဆုံးနေသော်လည်း အင်အားများ ထပ်မံဖြည့်တင်းကာ ထိုးစစ်ဆင်နေကြောင်း ၎င်းက ပြောဆိုသည်။
“အရင်တုန်းကလို ပြောက်ကျားနဲ့တိုက်ရတာမဟုတ်တော့ဘူး။ လုံးဝရှေ့မတိုးနိုင်အောင် ကာကွယ်ရ တယ်။ သူတို့က ပတ်ကျော်ဖို့၊ ပတ်လှည့်ဖို့ ဗျူဟာက ရှောင်ကွင်းသွားလာဖို့ ဗျူဟာကျ လုပ်တော့ ကျနော်တို့လည်း ဗျူဟာကျ ပြန်တုန့်ပြန်တဲ့ အပိုင်းတွေရှိတယ်။ တစ်ချို့နေရာတွေမှာ နည်းနည်း နောက်ဆုတ်ပေးလိုက်ရလို့ ကျနော်တို့က ရှုံးသွားတာမဟုတ်ဘူး။ စစ်ကောင်စီကို နည်းနည်းတွန်း ထုတ်လိုက်နိုင်လို့ ကျနော်တို့အောင်ပွဲရတာ မဟုတ်သေးဘူး။ ဒီအောင်ပွဲက နောက်နှစ်လသုံးလ လောက်ကြာမှ ကောင်းကောင်းသတ်မှတ်နိုင်မှာဖြစ်တယ်။ လောလောဆယ်မှာ ကျနော်တို့ ပြန်ရသွား တယ်။ သူတို့နည်းနည်းရသွားတယ်ဆိုတာက ဘာမှ မဟုတ်သေဘူး။” CPU/CPA အထွေထွေ အတွင်း ရေးမှူး ဆလိုင်းယောမာန်က ပြောကြားသည်။
လက်ရှိတွင် ချင်းပြည်သူ့တပ်မတော်(CPA)နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ အနေဖြင့် အကြမ်းဖက် စစ်ကော် မရှင်၏ ထိုးစစ်များကို အောင်မြင်စွာ ခုခံဟန့်တားထားပြီး စစ်မြေပြင်တွင် အကျအဆုံးများ နေသော အကြမ်း ဖက်စစ်တပ်က တိုက်လေယာဉ် ၊ Y 12 လေယာဉ်များဖြင့် အကြိမ်ပေါင်းများစွာ ဗုံးကျဲတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။
ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်အနေဖြင့် ပြည်သူ၊ အသက်အိုးအိမ်နှင့် ဘိုး ဘွားပိုင် ရေမြေတောတောင်များကို အစွမ်းကုန်ကာကွယ်သွားမည်ဖြစ်ပြီး ယခုကဲ့သို့ ထိုးစစ်ဆင် ဝင် ရောက်လာသော အကြမ်း ဖက် စစ်ကော်မရှင်တပ်များကို ခုခံတွန်းလှန်မောင်းထုတ်ရာတွင်လည်း ပြည်သူများအနေဖြင့် ကျရာကဏ္ဍအသီးသီးမှ တတ်စွမ်းသမျှ အားပေးကူညီ ပူးပေါင်းပါဝင်ကြပါရန် ဆက်လက်တိုက်တွန်းနှိုးဆော်ထားသည်။






