25.7 C
Yangon

ထိုင်းနိုင်ငံ၊ ချွန်ဘူရီတွင် လုံခြုံရေးဝန်ထမ်းအား ကြိုးတုပ်ကာ ဘတ် ၆ သိန်းတန် လျှပ်စစ်ကေဘယ်ကြိုးများ ခိုးယူခဲ့သည့် မြန်မာဓားပြဂိုဏ်းဝင် ၄ ဦးကို ဖမ်းဆီးရမိ၊ ဂိုဏ်းခေါင်းဆောင် လွတ်နေဆဲ

Must read

ရန်ကုန်၊ ဇွန် ၇

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင် (Chonburi) ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် လုံခြုံရေးဝန်ထမ်းကို ဝိုင်းဝန်းရိုက်နှက် ကြိုးတုပ်ပြီး ဘတ် ၆ သိန်းခန့် (၆၀၀,၀၀၀ ဘတ်) တန်ဖိုးရှိ လျှပ်စစ်ကေဘယ်ကြိုးများကို ခိုးယူခဲ့သည့် မြန်မာဓားပြဂိုဏ်းဝင် ၄ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ဇွန်လ ၄ ရက်နေ့ နံနက် ၁ နာရီ ၂၃ မိနစ်မှ ၂ နာရီ ၂၀ မိနစ်ဝန်းကျင်အချိန်အတွင်း ချွန်ဘူရီခရိုင်၊ ဘန်ဘွန်မြို့နယ် (Ban Bueng) ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ စီစီတီဗီ (CCTV) ကင်မရာမှတ်တမ်းများအရ လူ ၁၀ ဦးထက်မနည်းပါဝင်သည့် လူဆိုးဂိုဏ်းသည် လုံခြုံရေးဝန်ထမ်းကို ဝိုင်းဝန်းတိုက်ခိုက်ကာ လက်ခြေများကို ကြိုးဖြင့်တုပ်နှောင်ခဲ့ပြီး၊ အသစ်စက်စက် လျှပ်စစ်ကေဘယ်ကြိုး အမြောက်အမြားကို အသင့်စောင့်ဆိုင်းနေသည့် ပစ်ကပ်ဗန်ကား နှစ်စီးပေါ်သို့ တင်ဆောင်ကာ မောင်းနှင်ထွက်ပြေးခဲ့ကြသည်။

ဘန်ဘွန်မြို့နယ်နှင့် ချွန်ဘူရီခရိုင် ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးရေးအရာရှိများသည် တရားခံများ ထွက်ပြေးသည့် လမ်းကြောင်းတစ်လျှောက်ရှိ CCTV မှတ်တမ်းများကို လိုက်လံစစ်ဆေးခဲ့ကြသည်။ ထို့နောက် ဇွန်လ ၆ ရက်နေ့ ညနေ ၅ နာရီခွဲခန့်တွင် ပြစ်မှုကျူးလွန်ရာ၌ အသုံးပြုခဲ့သည့် ကားတစ်စီးသည် ဘန်ဆူရာဆက်-ဖန်ဆာဒက်နောက် (Ban Surasak–Phan Sadet Nok) လမ်းဘေးရှိ အလုပ်ဟောင်းဆိုင်တစ်ဆိုင်အတွင်းသို့ မောင်းနှင်ဝင်ရောက်သွားသည်ကို တွေ့ရှိခဲ့ရပြီး၊ ကားနံပါတ်မှတစ်ဆင့် ခြေရာခံရာ ရေယောင်းခရိုင် (Rayong)၊ ပလုဒေါင်မြို့နယ် (Pluak Daeng) အတွင်းရှိ လိပ်စာတစ်ခုသို့ ဦးတည်နေကြောင်း ဖော်ပြနေခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များက အဆိုပါ ရေယောင်းခရိုင်အတွင်းရှိ လမ်းကြားတစ်ခုသို့ ဝင်ရောက်စဉ် CCTV မှတ်တမ်းပါ ကားနံပါတ်နှင့် တူညီသည့် အနက်ရောင် အိုင်ဆိုဇူး (Isuzu) မော်တော်ယာဉ်တစ်စီး မောင်းနှင်လာသည်ကို တားဆီးစစ်ဆေးခဲ့ရာ ယာဉ်မောင်းဖြစ်သူ အသက် ၃၄ နှစ်အရွယ် ရဲထွေး (Ye Htwe) နှင့်အတူ ၎င်း၏ ရည်းစားဖြစ်သူ၊ ရည်းစားဖြစ်သူ၏ ညီမနှင့် ကလေးငယ်တစ်ဦးတို့ကို စစ်ဆေးတွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့သည်။

ယာဉ်မောင်း ရဲထွေးကို စစ်ဆေးမေးမြန်းချက်အရ ရဲတပ်ဖွဲ့သည် ၎င်းနှင့်အတူ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သည့် နောက်ထပ် သံသယရှိသူ မြန်မာနိုင်ငံသား ၃ ဦးဖြစ်သော စိုင်းထက်အောင် (Sai Htet Aong)၊ အသက် ၂၇ နှစ်ဝေရန် (Wai Yan)၊ အသက် ၁၈ နှစ် ရဲကိုလင်း (Ye Ko Lin)၊ အသက် ၃၄ နှစ် တို့ကို ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူ မြန်မာအလုပ်သမား ၄ ဦးစလုံးက ၎င်းတို့သည် ဓားပြတိုက်မှုတွင် ပါဝင်ခဲ့ကြောင်း ဝန်ခံထွက်ဆိုထားကြသည်။

သို့သော် “မောင်” (Maung) ဟု လူသိများသည့် ဂိုဏ်းခေါင်းဆောင်အပါအဝင် ကျန်ရှိနေသည့် ဂိုဏ်းဝင်အချို့မှာမူ လက်ရှိအချိန်အထိ လွတ်မြောက်နေဆဲဖြစ်သည်။

ဘန်ဘွန်ရဲစခန်းမှ ရဲမှူးကြီး ခရစ်မာဆွတ် (Pol. Col. Krit Masuk) ၏ ပြောကြားချက်အရ ဖမ်းဆီးခံရသူများအားလုံးသည် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဖြစ်ကြပြီး၊ လုံခြုံရေးဝန်ထမ်းအား ဓားများဖြင့် ခြိမ်းခြောက်၍ ကြိုးတုပ်ကာ ခိုးယူခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် အဆိုပါ မြန်မာလူဆိုးဂိုဏ်းသည် အနီးနားရှိ အခြားရဲစခန်းနယ်မြေအချို့တွင်လည်း ယခုကဲ့သို့သော ခိုးမှု၊ ဓားပြတိုက်မှုများကို အကြိမ်ကြိမ် ကျူးလွန်ခဲ့ဖူးသည့် ရာဇဝတ်ဂိုဏ်းတစ်ခုဖြစ်ကြောင်း ယူဆရသဖြင့် ၎င်းတို့အား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရန်နှင့် လွတ်မြောက်နေသူများကို ဖမ်းဆီးနိုင်ရန် ရဲတပ်ဖွဲ့က ဆက် လက်စုံစမ်းစစ်ဆေးလျက်ရှိသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article