26.3 C
Yangon

ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေး ကုန်သွယ်ရေးတံတား ပြန်လည်ဖွင့်သော်လည်း ထိုင်းသွင်းကုန်များ ဖမ်းဆီးရန် စစ်ကောင်စီ အမိန့်ထုတ်၊ ထိုင်းကုန်စည်များ သွင်းကုန်လိုင်စင်မပါလျှင် တရားမဝင် ကုန်အဖြစ် သတ်မှတ်ထား

Must read

ရန်ကုန်၊ ဇွန် ၈

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများနှင့် တိုက်ပွဲများကြောင့် ၁၀ လကျော်ကြာ ပိတ်ထားခဲ့ရသည့် မဲဆောက်-မြဝတီ နယ်စပ်ရှိ အမှတ် ၂ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားနှင့် အမြဲတမ်းနယ်စပ်ဂိတ်ကို ပြီးခဲ့သည့် မေလ ၂၈ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း ထိုင်းသွင်းကုန်များကို သွင်းခွင့်မပြုဘဲ စစ်ကောင်စီက လိုက်လံဖမ်းဆီးနေကြောင်း နယ်စပ်ကုန်သည်များနှင့် ယာဉ်လိုင်းများထံမှ သိရသည်။

နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အဓိကဖြစ်သော အမှတ် ၂ ချစ်ကြည်ရေးတံတားကို ပြန်လည်ဖွင့်လှစ်လိုက်သော် လည်း စစ်ကောင်စီ၏ မူဝါဒအရ မြန်မာဘက်မှ ပို့ကုန်များကိုသာ ထိုင်းဘက်သို့ တင်ပို့ရန် အဓိကဦးစားပေးနေပြီး ထိုင်းဘက်မှ သွင်းကုန်များအတွက် လိုင်စင်ချပေးခြင်း မရှိသေးပေ။

စစ်တပ်က ထိုင်းသွင်းကုန်များ တင်သွင်းမှုကို တားမြစ်ထားရုံမျှမကဘဲ မြန်မာပြည်တွင်းသို့ တင်သွင်းနေသော ထိုင်သွင်းကုန်မှန်သမျှကို လိုက်လံဖမ်းဆီးရန် ဇွန်လ ၅ ရက်နေ့တွင် အမိန့်ထပ်ဆင့်ထုတ်ပြန်ခဲ့သည်။ ယင်းအမိန့်သည် “တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အစည်းအဝေး ၁/၂၀၂၆” ဆုံးဖြတ်ချက်မှ လာခြင်းဖြစ်သည်။

ထိုင်းသွင်းကုန်များကို တင်းကျပ်စွာ ဖမ်းဆီးမည်ဖြစ်ကြောင်း မွန်ပြည်နယ် ပြည်နယ်ယာဉ်လုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးကော်မတီ (မော်လမြိုင်မြို့) က ဇွန်လ ၅ ရက်စွဲဖြင့် ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်အသင်း အားလုံးထံသို့ အသိပေးချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် မွန်ပြည်နယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ အစည်းအဝေးကောက်နုတ်ချက်ကို ကိုးကား၍ “ယာဉ်လိုင်းများဖြင့် တရားမဝင်ကုန်ပစ္စည်းများ သယ်ဆောင်နေသည်ကို စစ်ဆေးတွေ့ရှိရပါသဖြင့် ယာဉ်ပိုင်ရှင်များနှင့် ယာဉ်လိုင်းတာဝန်ခံများအား ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်မည်ဟု အသိပေးကြပ်မတ်ဆောင်ရွက်ရန်”ဟု သတိပေးထားသည်။

မြဝတီမြို့အခြေစိုက် နယ်စပ်ကုန်သည်ကြီးတစ်ဦးက “ဒီဘက်က မူဝါဒက မြန်မာဘက်က ပို့ကုန်တွေကိုပဲ ထိုင်းဘက်ကို အဓိက တင်ပို့ဖို့ပဲ ဦးစားပေးတယ်။ ထိုင်းသွင်းကုန်တွေ တင်သွင်းခွင့်မပေးသေးဘူး။ လိုင်စင်မပါဘဲ သွင်းရင် ထိုင်းသွင်းကုန်တွေကို တရားမဝင်ကုန်တွေ အဖြစ် သတ်မှတ်ဖမ်းမယ်လို့လည်း ခေါ်ပြီး ကျနော်တို့ကို ဌာနပေါင်းစုံက သတိပေးတယ်။ ” ဟု ပြောဆိုသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့အနီး တိုက်ပွဲများကြောင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို အကြီးအကျယ် ထိခိုက်စေခဲ့သည့် အမှတ် ၂ ချစ်ကြည်ရေးတံတားကို မြန်မာစစ်တပ်က ၂၀၂၅ ခုနှစ် အလယ်ပိုင်းကတည်းက ပိတ်ထားခဲ့ပြီးနောက် နှစ်နိုင်ငံ ကုန်သွယ်ရေး ရပ်ဆိုင်းခဲ့ရသည်။

ထိုင်းအာဏာပိုင်များဘက်က ကုန်စည်စီးဆင်းမှု လုပ်ငန်းစဉ်အားလုံးအတွက် အပြည့်အဝ အဆင်သင့်ဖြစ်နေသော်လည်း မြန်မာနိုင်ငံဘက်ခြမ်းတွင် ကုန်သွယ်ရေးအတွက် စနစ်များ အပြည့်အဝ မလည်ပတ်နိုင်ဘဲ ဖြစ်နေသည်။

အထူးသဖြင့် ထိုင်းနိုင်ငံဘက်က မြဝတီနယ်စပ်သို့ လျှပ်စစ်မီးပေးဝေမှုကို ဖြတ်တောက်ထားခြင်းကြောင့် မြန်မာဘက်ရှိ နယ်စပ်စစ်ဆေးရေးဂိတ်သည် စနစ်များလည်ပတ်ရန် မီးအားမလုံလောက်မှု ဖြစ်နေသည်။

လတ်တလောတွင် ထိုင်း-မြန်မာ နှစ်နိုင်ငံ အမှတ် ၂ ချစ်ကြည်ရေးတံတား၊ မြန်မာနိုင်ငံဘက်အခြမ်းတွင် နေရောင် ခြည်စွမ်းအင်သုံး ဆိုလာစနစ်တစ်ခုတည်းဖြင့်သာ ရုန်းကန်လည်ပတ်နေရသဖြင့် မြန်မာစစ်တပ်က နယ်စပ်ဂိတ်ရှိ ကွန်ပျူတာနှင့် အကောက် ခွန်စနစ်များ အပြည့်အဝ ပြန်လည်အလုပ်လုပ်နိုင်ရန် ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်မီး ပြန်လည်သွယ်တန်း ပေးဝေရန် ကနဦး တောင်းဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article