ရန်ကုန်၊ ဇွန် ၈
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်တပ်က ညအချိန် လေကြောင်း တိုက် ခိုက်ခဲ့သဖြင့် အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး အပါအဝင် စစ်ဘေးရှောင် ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသပြည်သူနှင့် ရခိုင်အခြေစိုက် Arakan Princess Media ထံမှ သိရှိရသည်။
ဇွန်လ ၆ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန်မှ ည ၁၁ နာရီခန့်အချိန်အထိ ကျောက်ဖြူမြို့နယ်ရှိ ကျေး ရွာ ၃ ရွာကို ညသန်း ခေါင်ယံအချိန် စစ်တပ်က လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်က ကျောက်ဖြူမြို့နယ်၊ သစ်ကတိုးကျေးရွာအတွင်းသို့ ဂျက်ဖိုက်တာနှင့် Y-12 လေယာဉ်များဖြင့် ဗုံး ၄ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုကြောင့် ကျေးရွာဘုန်းကြီးကျောင်းအနီး လာရောက်စစ်ဘေးရှောင်နေကြသည့် ကျောက်ဖြူမြို့ နယ်၊ တောင်မော်ရွာမှ အသက် ၁၂ နှစ်အရွယ် မစုနေလင်း၊ စနဲမြို့၊ အလယ်စုရပ်ကွက်မှ အသက် ၅၀ အရွယ် ဦးချစ်လွင်၊ တောင်ကုတ်မြို့နယ်၊ ဆံထိုးရွာမှ အသက် ၆၉ နှစ်အရွယ် ဒေါ်သန်းရီတို့ စစ်ဘေးရှောင်ပြည်သူ ၃ ဦး ဗုံးစထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် သစ်ကတိုးရွာမှ ဘုန်းကြီးကျောင်းလည်း ထိခိုက်ပျက်စီးခဲ့ပြီး ဝက် ၁ ကောင်လည်း ဗုံးစထိမှန်ကာ သေဆုံးခဲ့ရကြောင်း သိရှိရသည်။
ယင်းအပြင် ဇွန်လ ၆ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန်နှင့် ၁၁ နာရီကြားတွင်လည်း ကျောက်ဖြူမြို့နယ်၊ ဘ ယာ ကျေးရွာအတွင်းသို့လည်း စစ်တပ်က ဗုံး ၃ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ ဘယာကျေးရွာ ဘုန်းကြီးကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းနံရံများနှင့် ပြတင်းပေါက်မှန်များ ပြိုကျပျက်စီးခဲ့ရကြောင်း သိရှိရသည်။
ထို့နောက် ဇွန် ၆ ရက်နေ့ ည ၁၁ နာရီ ၄၆ မိနစ်အချိန် စစ်တပ်က ကျောက်ဖြူမြို့နယ်၊ကုလားတွင်းကျေးရွာသို့ ဗုံး ၃ လုံး ထပ်မံကျဲချခဲ့သဖြင့် ဒေသခံပြည်သူ ၂ ဦး ဗုံးစထိမှန်ကာ ဒဏ်ရာရရှိခဲ့ပြီး၊ ကျေးရွာအတွင်းရှိ နေအိမ်များ ပြိုကျပျက်စီးသွားခဲ့သည့်အပြင် နွား ၃ ကောင်နှင့် ဝက် ၂ ကောင်တို့လည်း ဗုံးစထိမှန်ကာ သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“ကျောက်ဖြူမြို့နယ်မှာ ဗုံးကျဲခံရတဲ့ ၃ ကျေးရွာ တွေကတော့ ကုလားတွင်း၊ ဘယာနဲ့ သစ်ကတိုး ရွာတွေပါ။ အဲ့ဒီရွာတွေမှာ စစ်ဘေးရှောင်တွေ အများကြီးရှိကြပါတယ်။ နေအိမ်တွေလည်း ပျက်စီးပါတယ်။ ရွာ ၃ ရွာကတော့ အထက်က ပြောထားတဲ့ ကုလားတွင်း၊ ဘယာ၊ သစ်ကတိုး၊ ထိခိုက်မှုက ကုလားတွင်းရွာ ၂ ဦးထိခိုက် ဒဏ်ရာရ၊ သစ်ကတိုး ၃ ဦးထိခိုက်ဒဏ်ရာရ၊ သေဆုံးမရှိ။ နာမည် မသိရသေးပါ။ နေအိမ်တွေလည်းပျက်စီးသွားတယ်။ ညဘက် ၁၀ နာရီ ၃၀ မိနစ် နဲ့ ၁၁ နာရီကြားမှာ သစ်က တိုးရွာ ၄ လုံး၊ ဘယာရွာ ၃လုံး။ ကုလားတွင်း ည ၁၁ နာရီ ၄၆ မိနစ် ဗုံး ၃ လုံး။ ချတာကတော့ ဂျက်ဖိုက်တာနဲ့ Y12၊ ဂျက်ဖိုက်တာ ၂ စီးဆိုတာကတော့ ညဘက်ဖြစ်လို့ မမြင်ရဘူး။ အဲဒီ ၃ ရွာလုံးကတော့ အရပ်သားနဲ့ စစ်ဘေးရှောင် ပြည်သူတွေဘဲ ရှိတဲ့နေရာပါ။လောလောဆယ်တော အသက် ၁၂ နှစ် မိန်းကလေး ၁ ဦး၊ အသက် ၆၉ နှစ် အမျိုးသမီး ၁ ဦးအပါအဝင် ၅ ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ သိရသေးတယ်”ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
စစ်တပ်က ကျောက်ဖြူမြို့နယ်အတွင်းရှိ စစ်ရေးနှင့် လုံးဝသက်ဆိုင်ခြင်းမရှိသည့် စစ်ဘေးရှောင်ပြည်သူများ ခိုလှုံနေထိုင်ရာ ကျေးရွာများကို ပစ်မှတ်ထား၍ နေ့စဉ်ရက်ဆက် လေကြောင်းနှင့် လက် နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများကို ဆက်တိုက်ကျူးလွန်လျက်ရှိကြောင်း သိရှိရသည်။
အလားတူ မကွေးတိုင်း၊ စလင်းမြို့နယ်တွင်လည်း စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် ဘုန်းကြီးကျောင်းများ ထိခိုက်ပျက်စီးခဲ့သည်။
ဇွန်လ ၇ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ကပစ ၂၁ သို့ သွယ်တန်းထားသည့် မီးလိုင်းကို ပြင်ဆင်ရန်လာသော စစ်ကောင်စီတပ် စစ်ကြောင်းက မကျီးစင်ကျေးရွာ ဘုန်း ကြီးကျောင်းနှင့် အရှေ့ဘက်ရှိ ညောင်ပင်လှကျေးရွာအတွင်းသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိသော်လည်း ဘုန်းကြီးကျောင်းအဆောက် အအုံ ထိခိုက်ပျက်စီးသွားခဲ့ပြီး နွား ၃ ကောင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးတွေ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေက ဒရုန်း ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့တာပါ။ဘုန်းကြီး ကျောင်းရှိမှာရှိတဲ့ ဘုန်း ကြီးတွေကတော့ ထိခိုက်ဒဏ်ရာရတာမျိုး မရှိပါဘူး။ ဘုန်းကြီးကျောင်းတော့ ပျက်စီးသွားတယ်။ နွား ၃ကောင်တော့ ထိခိုက်ဒဏ်ရာရသွားတယ်လို့ သိရတယ်”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က ယခု ဇွန်လအတွင်း နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုများ တိုးမြှင့်လာပြီး မြေပြင်တွင် စစ်ကြောင်းများက ထိုးစစ်ဆင်များ ဆင်နွှဲလျက်ရှိကြောင်း တော်လှန်ရေး သတင်းရင်းမြစ်များထံမှ သိရှိရသည်။
ဓာတ်ပုံ- APM။






