ရန်ကုန်၊ ဇွန် ၈
တရုတ်-မြန်မာနယ်စပ် ရွှေလီမြို့၊ ဝမ်တိန်အနီးရှိ တရုတ်နိုင်ငံသားပိုင် “Ruining Xinjiang Garment” (စိန်ချွန်) အထည်ချုပ်စက်ရုံတွင် မြန်မာအလုပ်သမားအမျိုးသမီးတစ်ဦး ရေနစ်သေဆုံးခဲ့ရသော်လည်း စက်ရုံဘက်က တာဝန်ယူခြင်းမရှိဘဲ အမှုဖျောက်ခဲ့သည့်အပြင်၊ စက်ရုံမှ ထွက်ပြေးသည့် မြန်မာအလုပ်သမား ၄ ဦးကိုလည်း ဦးခေါင်းကွဲသည်အထိ အလုပ်ရှင်က ဖမ်းဆီးရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးလှုပ်ရှားသည့်အဖွဲ့ (STUM) နှင့် ယင်းစက်ရုံတွင် လုပ်ကိုင်ခဲ့သည့် မြန်မာအလုပ်သမားများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ဖွင့်ဟပြောဆိုလာခြင်း ဖြစ်သည်။
ဧပြီလ ၃ ရက်နေ့ စက်ရုံအတွင်း သောက်သုံးရေ လုံလောက်စွာမရရှိသဖြင့် ဝန်ထမ်းများက တောင်းဆိုရာတွင် စက်ရုံတာဝန်ရှိသူများက ရွှေလီမြစ် (ဝမ်တိန်မြစ်) သို့ အုပ်စုလိုက် သွားရောက်ရေချိုးခိုင်းခဲ့ကြောင်း၊ ထိုသို့ ရေချိုးကြစဉ် ရန်ကုန်မြို့မှ လာရောက်လုပ်ကိုင်သည့် မိန်းကလေးတစ်ဦး ရေနစ်သေဆုံးသွားခဲ့ပြီး ယနေ့ထက်တိုင် အလောင်းပြန်မတွေ့သေးကြောင်း သိရသည်။
“စက်ရုံထဲမှာက ရေမရဘူး၊ ရေလည်းမရှိဘူး။ ရေကဘာမှမရှိတော့ ရေချိုးချင်တာနဲ့ ဝိုင်းပြီးတောင်းဆိုကြတော့ ဝမ်တိန်မြစ်မှာသွားချိုးဆိုပြီး ခိုင်းတယ်။ တသုတ်ပြီး တသုတ်လွှတ်ပြီးတော့ရေချိုးခိုင်းတဲ့အတွက် အုပ်စုလိုက်ရေသွားချိုးရင်းကနေ အဲဒီကောင်မလေးက ရေနစ်ပြီး သေသွားတာ။ သေသွားတဲ့ဟာကို ရှာတော့ရှာကြည့်တယ်။ အလောင်းက အခုထိ ပေါ်မလာဘူး။ မတွေ့လည်းမတွေ့တော့ဘူး။ ဒါပေမယ့် အဲဒီကောင်မလေးနဲ့ပတ်သက်တဲ့ဟာ စက်ရုံဘက်က ဘာတစ်ခုမှ မလုပ်ပေးဘူး။ သူနဲ့အတူတူလုပ်နေတဲ့ ညီအမတော်တဲ့အမျိုးကောင်မလေးတွေကိုလည်း အောက်ကနေ မြန်မာပြည်ကို ပြန်ပို့ပစ်လိုက်တယ်။ လျော်ကြေးတွေဘာတွေမပေးချင်လို့”ဟု စက်ရုံမှ မြန်မာအလုပ်သမားတစ်ဦးက ရှင်းပြသည်။
ထို့ပြင် မေလ ၁၇ ရက်နေ့က စက်ရုံတွင် အလုပ်သမားအခွင့်အရေး ဖိနှိပ်မှုများကြောင့် ထွက်ပြေးရန် ကြိုးပမ်းခဲ့သည့် မြန်မာအလုပ်သမား ၄ ဦးကို စက်ရုံသူဌေးနှင့် လုံခြုံရေးများက လိုက်လံဖမ်းဆီးကာ ရိုက်နှက်နှိပ်စက်ခဲ့ရာ ဦးခေါင်းပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သည်။
“အရိုက်ခံရတဲ့ မြန်မာအလုပ်သမား ၄ ဦးထဲက ၂ ဦးက အခြေအနေ တော်တော်ဆိုးတယ်။ ခေါင်းကို ရိုက်ခွဲထားတာက တော်တော်နက်တယ်။ ၁၁ ချက်အထိတောင်ချုပ်ရတာ၊ အဲဒီတစ်ယောက်ဆိုရင် အသက်ငွေ့ငွေ့လေးပဲကျန်တယ်။ ဆရာဝန်ကဆိုရင် သူတို့ကိုခေါ်တာမြန်လို့၊ မမြန်ရင် ဒီနေ့ပဲ သေနိုင်တယ်ဆိုပြီး ပြောတယ်” ဟု အဆိုပါစက်ရုံမှ မြန်မာအလုပ်သမားက ရှင်းပြသည်။
အဆိုပါစက်ရုံသည် မြန်မာအလုပ်သမားများကို နားရက်မရှိ အိပ်ရေးပျက်အောင် ခိုင်းစေခြင်း၊ အချိန်ပို (OT) ကြေးနှင့် လုပ်ခလစာများကို အပြည့်အဝမပေးခြင်း၊ အစားအသောက်တွင်လည်း ဆန်ကြမ်းများသာ ကျွေးခြင်းတို့ကြောင့် အလုပ်သမားများ ကျန်းမာရေး အလွန်အမင်း ထိခိုက်နေကြောင်း သိရသည်။
လက်ရှိတွင် စက်ရုံမှ ထွက်ပြေးမှုကြောင့် ဖမ်းဆီးခံရသူများအပါအဝင် မြန်မာအလုပ်သမား ၅၀ ခန့်ကို ရွှေလီရဲစခန်း၌ ထိန်းရှိမ်းထားပြီး မူဆယ်နယ်စပ်မှတစ်ဆင့် ပြည်နှင်ဒဏ်ပေးရန် စီစဉ်နေသည်။
ထိုသို့ ပို့ဆောင်ရာတွင် အလုပ်သမားများကို လူစုခွဲထားကြောင်း မြန်မာအလုပ်သမားတစ်ဦးက “လုပ်ခ လစာလည်းမပေးပဲနဲ့ စက်ရုံထဲကနေ ရဲတွေနဲ့ ကားပေါ်မှာ တစ်စီးကို ၈ ယောက်ဆီးခွဲပြီး မူဆယ် နယ်စပ်ကို ပို့လိုက်တာ၊ ရဲစခန်းတစ်ခုကို ၈ ယောက်ဆီပဲနေရတယ်။ စုပြီးမထားဘူး။ ကျန်း မာရေးမကောင်းတဲ့သူ နှစ်ယောက် ၃ ယောက်တော့ မူဆယ်ဘက်ကို ပြန်ပို့လိုက်တယ်။ ကျန်တဲ့သူတွေ ပြန်မလွှတ်ပေးသေးဘူး။ ဆေးစစ်တာတွေရော၊ ပြည်တော်ပြန် စာရွက်စာတမ်းတွေရော တစ်ထပ်ကြီးလုပ်ပြီးသွာပြီ၊ ရွှေလီရဲစခန်းမှာ အယောက် ၅၀ ကျော်ရှိသေးတယ်။ ပြန်လာလို့မရသေးဘူး”ဟု ရှင်းပြသည်။
လက်ရှိတွင် ရဲစခန်းမှ ခေါ်ထုတ်ခံရပြီးနောက် ပျောက်ဆုံးနေသည့် အလုပ်သမားအချို့လည်း ရှိနေသဖြင့် သက် ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အရေးပေါ် ကူညီပေးပါရန် မြန်မာအလုပ်သမားများက မေတ္တာရပ်ခံထားကြသည်။






