ရန်ကုန်၊ ဇွန် ၈
မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရရှိရေး နိုင်ငံတကာဥပဒေပညာရှင်များ- ICJ က ဆွေးနွေးပွဲ ကျင်းပကြောင်း ICJ – International Commission of Jurists-ICJ က သတင်းထုတ်ပြန်သည်။
မြန်မာနိုင်ငံတွင် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု (Transitional Justice – TJ) ဖြစ်ထွန်းလာနိုင်မည့် အခြေအနေများကို ဆန်းစစ်လေ့လာရန် နိုင်ငံတကာ ဥပဒေပညာရှင်များ ကော်မရှင် (ICJ) က ဝက်ဘီနာ (အွန်လိုင်းဆွေးနွေးပွဲ) တစ်ခုကို မေလ ၆ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် လက်ရှိ မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများအတွင်း ကျူး လွန်လျက်ရှိသော ကြီးလေးသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ တာဝန်ခံမှုရှိစေမည့် လမ်းကြောင်းများနှင့် တရားမျှတမှုဆိုင်ရာ ယန္တရားများကို ရှာဖွေဖော်ထုတ်ရန် ပြည်တွင်း/ပြည်ပ ကျွမ်းကျင်သူများ၊ ဥပဒေပညာရှင်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များနှင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ စုဝေးခဲ့ကြသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေမှာ သိသိသာသာ ဆိုးရွားလာခဲ့ပြီး ကြီးလေးသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို အပြစ်ပေးအရေးယူခြင်းမရှိဘဲ ဆက်လက်ကျူးလွန်လျက် ရှိသည်။
စစ်အုပ်စုက ပြင်းထန်သော ဖိနှိပ်မှုများကို ဆက်တိုက်လုပ်ဆောင်နေပြီး ပြည်တွင်း၌ တရားမျှတမှုရရှိရန် မျှော် လင့်ချက် ကင်းမဲ့နေချိန်တွင်၊ ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည့် နိုင်ငံတကာဥပဒေဆိုင်ရာ ကြီးလေးသော ရာဇဝတ်မှုများနှင့် ပတ်သက်၍ နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) တွင်လည်းကောင်း၊ ကမ္ဘာလုံးဆိုင်ရာ စီရင်ပိုင်ခွင့်အာဏာ (Universal Jurisdiction) မူဝါဒအရ အာဂျင်တီးနား အပါအဝင် အခြားနိုင်ငံများတွင်လည်းကောင်း ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်မှုများကို စတင်လုပ်ဆောင်ထားပြီး ဖြစ်သည်။
မြန်မာနိုင်ငံသည် စစ်အုပ်ချုပ်ရေးအောက်တွင် ရှိနေဆဲဖြစ်သော်လည်း အရပ်ဘက်လူမှုအဖွဲ့အစည်းများ (CSOs) နှင့် ဒီမိုကရေစီ နိုင်ငံရေးအင်အားစုများသည် နောင်တစ်ချိန်တွင် ပေါ်ပေါက်လာမည့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ယန္တရားများ အပါအဝင် တာဝန်ခံမှုဆိုင်ရာ လုပ်ငန်းစဉ်များအတွက် သက်သေအထောက်အထားများကို ကာကွယ်ထိန်းသိမ်းရန် အခြားနိုင်ငံများ၏ အတွေ့အကြုံများနှင့် သင်ခန်းစာများကို ပိုမိုကိုးကား အသုံးပြုလာကြသည်။
ထိုကဲ့သို့သော အခြေအနေများကြောင့် မြန်မာနိုင်ငံတွင် လက်ရှိ၌ နိုင်ငံရေးအသွင်ကူးပြောင်းမှု မရှိသေးသည့်တိုင်အောင် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာ ဆွေးနွေးမှုများသည် ပိုမိုအရေးပါလျက် ရှိသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ICJ ၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ အစီအစဉ် ညွှန်ကြားရေးမှူး ဒေါက်တာ မန်ဒီရာ ရှာမား (Dr. Mandira Sharma) က အာဂျင်တီးနား၊ တောင်အာဖရိက၊ နီပေါနှင့် ဆီယာရာလီယွန် စသည့် နိုင်ငံများ၏ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာ အတွေ့အကြုံများကို မျှဝေခဲ့ပြီး ဦးခင်မောင်ရွှေ ကလည်း မြန်မာနိုင်ငံတွင် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ဖြစ်ထွန်းနိုင်မည့် မျှော်လင့်ချက်များနှင့် စိန်ခေါ်မှုများကို ပြည်တွင်းရှုထောင့်မှ ထည့်သွင်းဆွေးနွေးသည်။
အဆိုပါ ဆွေးနွေးချက်များတွင် တာဝန်ခံမှုရှိစေရေး၊ လွတ်ငြိမ်းချမ်းသာခွင့်ဆိုင်ရာ ပြောင်းလဲလာသော နားလည်သဘောပေါက်မှုများ၊ သားကောင်ဖြစ်ခဲ့ရသူများ၏ ရပိုင်ခွင့်များနှင့် အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ စသည့် အဓိကသင်ခန်းစာများကို မီးမောင်းထိုးပြခဲ့ကြသည်။ နိုင်ငံတကာဥပဒေအရ ကြီးလေးသော ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် အလုံးစုံ လွတ်ငြိမ်းချမ်းသာခွင့် (Blanket Amnesties) ပေးခြင်းကို နိုင်ငံတကာဥပဒေက ပြတ်ပြတ်သားသား တားမြစ်ထားပြီး သားကောင်ဖြစ်ခဲ့ရသူများအနေဖြင့် တရားမျှတမှုနှင့် နစ်နာကြေး/ကုစားခွင့် ရရှိပိုင်ခွင့်ရှိကြောင်း ဟောပြောသူများက ထပ်လောင်း အတည်ပြုကြသည်။
အသွင်ကူးပြောင်းရေးကာလ အခြေအနေအချို့တွင် ကန့်သတ်ချက်ရှိသော အခြေအနေတစ်ရပ်အရ လွတ် ငြိမ်း ချမ်းသာခွင့် ပေးနိုင်သော်လည်း ကြီးလေးသော ရာဇဝတ်မှုများအတွက် တာဝန်ခံမှုမှ ကင်းလွတ်ခွင့် လုံးဝမရှိနိုင်ကြောင်း ဆွေးနွေးကြသည်။
ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံကဲ့သို့ အဖွဲ့အစည်းများ ပြိုလဲပျက်စီးခြင်း၊ အုပ်ချုပ်ရေး အစိတ်စိတ်အမြွှာမြွှာဖြစ်ခြင်းနှင့် ပြိုင်ဆိုင်မှုပြင်းထန်သော နိုင်ငံရေးဇာတ်ကြောင်းများ ရှိနေသည့် တက်ကြွသော ပဋိပက္ခနယ်မြေအတွင်း အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုကို ဖော်ဆောင်ရာတွင် ကြုံတွေ့ရမည့် ထူးခြားသော စိန်ခေါ်မှုများကိုလည်း ဆန်းစစ်ခဲ့ကြသည်။
ဆွေးနွေးပွဲ တက်ရောက်လာသူများက မြန်မာနိုင်ငံအတွက် အနာგတ်တွင် ဖြစ်လာနိုင်ခြေရှိသော အခြေအနေများကို စူးစမ်းလေ့လာခဲ့ကြပြီး ယုံကြည်စိတ်ချရသော မှတ်တမ်းမှတ်ရာများ ထิန်းသိမ်းခြင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) ကဲ့သို့သော နိုင်ငံတကာ တာဝန်ခံမှုစနစ်များနှင့် ပူးပေါင်းဆောင် ရွက်ခြင်း၏ အရေးပါမှုကို ထောက်ပြခဲ့ကြသည်။
ပြည်တွင်း/ပြည်ပတွင် လှုပ်ရှားနေသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများအတွက် လက်တွေ့လုပ် ဆောင် ရမည့် ဦးစားပေးလုပ်ငန်းများကိုလည်း ဖော်ထုတ်ခဲ့ကြပြီး၊ ယင်းအထဲတွင် ဒီဂျစ်တယ် သက် သေအထောက်အထားများ ထိန်းသိမ်းခြင်း၊ ကမ္ဘာလုံးဆိုင်ရာ စီရင်ပိုင်ခွင့်အာဏာကို အသုံးပြုခြင်းနှင့် စစ်အုပ်ချုပ်ရေးနှင့် ပဋိပက္ခများ ချုပ်ငြိမ်းရန်အတွက် နိုင်ငံတကာ တွန်းအားပေး စည်းရုံးလှုံ့ဆော်မှုများကို ဆက်လက်လုပ်ဆောင်သွားရန် စသည့်အချက်များ ပါဝင်သည်။
အဆိုပါ အွန်လိုင်းဆွေးနွေးပွဲသို့ နယ်ပယ်အသီးသီးနှင့် ဒေသအသီးသီးမှ ပါဝင်သူ စုစုပေါင်း ၇၀ ခန့် တက်ရောက်ခဲ့ကြသည်။




