26.5 C
Yangon

မလေးရှားနိုင်ငံ နေရာအနှံ့အပြားတွင် တရားမဝင် ခိုးဝင်အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသား ၃၀ ဦးထက်မနည်းကို မလေးရှားအာဏာပိုင်များ ဆက်တိုက်ဖမ်းဆီး

Must read

ရန်ကုန်၊ ဇွန် ၁၀ ရက်

မလေးရှားနိုင်ငံ ကလန်တန်ပြည်နယ်၊ ကွာလာလမ်ပူမြို့တော်နှင့် ဂျိုဟိုးပြည်နယ်တို့တွင် မလေးရှားအာဏာပိုင်များက အထူးစစ်ဆင်ရေးများဖြင့် ရှောင်တခင် ဝင်ရောက်စီးနင်းခဲ့ရာ တရားမဝင် ခိုးဝင်နေထိုင်ပြီး အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၃၀ ဦးထက်မနည်း အပါအဝင် နိုင်ငံခြားသားအများအပြား ဖမ်းဆီးခြင်းခံခဲ့ရသည်။

မလေးရှား ကလန်တန်ပြည်နယ် တောတွင်း၌ မြန်မာ ၁၂ ဦး ဖမ်းဆီးခံရမှု

——————————————————————–

ဇွန်လ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်တွင် ကလန်တန်ပြည်နယ်၊ ပါဆီးရ်မတ်စ်မြို့နယ် (Pasir Mas)၊ မရန်တီမြို့ (Meranti) ရှိ ကန်ပန်းတော့ရူဆာကျေးရွာအနီး တောတွင်းတစ်နေရာ၌ အထောက်အထားမဲ့ နိုင်ငံခြားသားများ ပုန်းအောင်းနေကြောင်း သတင်းအရ အာဏာပိုင်များက ဝင်ရောက်စီးနင်းခဲ့သည်။

ထိုသို့ ရှာဖွေရာတွင် အသက် ၂၂ နှစ်မှ ၄၁ နှစ်ကြားရှိ မြန်မာနိုင်ငံသား ၁၂ ဦး (အမျိုးသား ၇ ဦး၊ အမျိုးသမီး ၅ ဦး) ကို ဖမ်းဆီးရမိခဲ့သည်။ ၎င်းတို့သည် ဂိုလုတ်မြစ် (Sungai Golok) ကို ဖြတ်ကျော်ကာ မလေးရှားနိုင်ငံအတွင်းသို့ တရားမဝင် ခိုးဝင်လာကြသူများဖြစ်ပြီး၊ အာဏာပိုင်များ၏ ဖမ်းဆီးမှုကို ရှောင်ကွင်းရန် အဆိုပါတောတွင်းနယ်မြေကို ကြားစခန်းအဖြစ် အသုံးပြုကာ ပုန်းနေကြခြင်းဖြစ်သည်။ လက်ရှိတွင် ၎င်းတို့ကို ပါဆီးရ်မတ်စ်ခရိုင်ရဲဌာနချုပ် (IPD) သို့ လွှဲပြောင်းကာ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေဖြင့် အရေးယူရန် စုံစမ်းစစ်ဆေးနေသည်။

ကွာလာလမ်ပူမြို့တော် ပူဒူဈေးတွင် မြန်မာ ၁ ဦး အပါအဝင် ၁၆ ဦး ဖမ်းဆီးခံရမှု

——————————————————————————

ဇွန်လ ၉ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ကွာလာလမ်ပူမြို့တော်စည်ပင် (DBKL) နှင့် မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန (JIM) တို့ ပူးပေါင်းကာ ပူဒူဈေး (Pudu Market) အတွင်း လိုင်စင်မရှိဘဲ တရားမဝင် ဈေးရောင်းချနေသည့် နိုင်ငံခြားသားများကို ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့သည်။

အဆိုပါ စစ်ဆင်ရေးအတွင်း ဈေးအတွင်းရှိ မြန်မာနိုင်ငံသား ၁၅ ဦး အပါအဝင် နိုင်ငံခြားသား ၆၂ ဦးကို ခေါ်ယူစစ်ဆေးခဲ့ရာ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့)၊ ဗီဇာနှင့် အလုပ်လုပ်ကိုင်ခွင့် အထောက်အထား မရှိသည့် မြန်မာနိုင်ငံသား ၁ ဦး အပါအဝင် နိုင်ငံခြားသား ၁၆ ဦးကို ဖမ်းဆီးနိုင်ခဲ့သည်။

၎င်းတို့နှင့်အတူ လိုင်စင်မရှိဘဲ ဈေးရောင်းနေသည့် မလေးရှားနိုင်ငံသား ၉ ဦးနှင့် နိုင်ငံခြားသား ၂၂ ဦးတို့ကိုလည်း စည်ပင်ဥပဒေအရ ဒဏ်ရိုက်အရေးယူကာ ပစ္စည်းများ သိမ်းဆည်းခဲ့သည်။ ဖမ်းဆီးရမိသည့် အထောက်အထားမဲ့ နိုင်ငံခြားသား ၁၆ ဦးကို ကွာလာလမ်ပူ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းသို့ လွှဲပြောင်းပို့ဆောင်ထားသည်။

ဂျိုဟိုးပြည်နယ် ဆီနိုင်းဒေသတွင် မြန်မာ ၁၇ ဦး အပါအဝင် ၇၂ ဦး ဖမ်းဆီးခံရမှု

—————————————————————————-

ဇွန်လ ၉ ရက်နေ့တွင်ပင် ဂျိုဟိုးပြည်နယ် (Johor)၊ ဆီနိုင်း (Senai) နှင့် အနီးပတ်ဝန်းကျင်ဒေသများရှိ စားသောက်ဆိုင်များနှင့် အစားအသောက်လုပ်ငန်းခွင်များကို မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန (JIM)၊ နယ်စပ်ထိန်းချုပ်ရေးနှင့် လုံခြုံရေးအေဂျင်စီ (AKPS) နှင့် အကောက်ခွန်ဌာန (JKDM) တို့ ပူးပေါင်းကာ အထူးစစ်ဆင်ရေးဖြင့် ဝင်ရောက်စီးနင်းခဲ့သည်။

ဆီနိုင်းဒေသရှိ စားသောက်ဆိုင်များတွင် ဆိုင်ဝန်ထမ်း၊ စားပွဲထိုးနှင့် မီးဖိုချောင်ဝန်ထမ်းများအဖြစ် တရားမဝင် ဝင်ရောက်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၁၇ ဦး၊ ဗီယက်နမ်နိုင်ငံသား ၄၀ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၁၄ ဦးနှင့် တရုတ်နိုင်ငံသား ၁ ဦး (စုစုပေါင်း ၇၂ ဦး) ကို စစ်ဆေးတွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူ ၇၂ ဦးလုံးကို မလေးရှားလူဝင်မှုကြီးကြပ်ရေးဥပဒေအရ အရေးယူနိုင်ရန်အတွက် စတီယာထရိုပီကာ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်း (Setia Tropika Immigration Depot) သို့ လွှဲပြောင်းပို့ဆောင် ထိန်းသိမ်းထားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article