ရန်ကုန်၊ ဇွန် ၁၀ ရက်
မကွေးတိုင်းဒေသကြီးအတွင်းရှိ အောင်လံမြို့နယ်နှင့် စလင်းမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး၊ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့ကာ ပြည်သူလူထုပါ ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့ကြောင်း သိရှိရသည်။
ဇွန်လ ၂ ရက် နံနက် ၅ နာရီခန့်တွင် အောင်လံမြို့နယ်၊ ရွှေပန်းတောကျေးရွာတွင် အင်အား ၃၅ ဦးဖြင့် တပ်စွဲထားသည့် နတ်မောက်ဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက “၁၄၀၄ စစ်ဆင်ရေး” အဖြစ် စခန်းသိမ်းပိုက်ရန် ရည်ရွယ်ကာ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
ယင်းတိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်မှ ၃၀ ခန့် သေဆုံးခဲ့ပြီး ကင်းထောက်ဒရုန်းတစ်စီးကိုပါ ပစ်ချနိုင်ခဲ့ကြောင်း အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်-သရက်ခရိုင် အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖရိုဖရဲဖြစ်ကာ အပြန်အလှန် ပစ်ခတ်မှုများပြင်းထန်ခဲ့ပြီးနောက် စစ်ဗိုလ် ၁ ဦးနှင့် ရဲဘော်တစ်ဦးတည်းသာ ကျန်ရှိတော့သည့်အခြေအနေသို့ ရောက်ရှိခဲ့သည်။
ထိုသို့ တော်လှန်ရေးတပ်များက အသာစီးရနေစဉ် ကပစ ၁၅ မှ ၁၀၅ မမ (ဟောင်ဝစ်ဇာ) လက်နက် ကြီး များဖြင့် ၉ လုံးခန့် ပစ်ကူပေးခဲ့သည့်အပြင် ကပစ ၁၉ မှလည်း စစ်ကူအင်အား ၃ဝ ခန့် ချီတက်လာခဲ့ကြာင်း၊ ထို့ပြင် နတ်မောက်ဂိတ်စခန်းနှင့် ၁ မိုင်ကျော်အကွာ၌ ပြည်သူ့ကာကွယ်ရေးတပ်မတော် ထောက်ပို့တပ်ဖွဲ့-၂ နှင့် စစ်ကူစစ်ကြောင်းတို့အကြား အပြန်အလှန် ပစ်ခတ်မှုများ ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
“ကျနော်တို့ဘက်က ကျည်စထွက်ကတည်းက ဖရိုဖရဲနဲ့ ပြေးသူပြေး ပစ်သူပစ်နဲ့ဖြစ်ကြတာ၊ ပြန်ပစ်နိုင်တာဆိုလို့ ၆၀ မမ (BA100) ပါပဲ၊ ပစ်ရင်း နားရင်း ညှပ်မိလာတော့ ဗိုလ်နဲ့ ရဲဘော် ၁ ဦးပဲ ကျန်တယ်။ ၅ နာရီ မိနစ် ၄၀ လောက်မှာ Scout Drone တက်လာတယ်။ အဲဒီဒရုန်းကိုလည်း ပစ်ချနိုင်ခဲ့တယ်။ အဲဒါနဲ့ စစ်ကြောင်း ၃ ပေါင်းပြီး သိမ်းမယ်ဆိုပြီး စက်နဲ့စကားပြောနေကြတုန်း ကပစ ၁၉ ကနေ တက်လာတဲ့ စစ်ကူနဲ့ ထောက်ပို့ -၂ တပ်ဖွဲ့တို့ ထိတွေ့မှုဖြစ်တာ၊ အဲဒါကြောင့် ပြန်ဆုတ်ပေးလိုက်ရတာ၊ လက်နက်တွေအနည်းငယ်က ဂျန့်ဖြစ်နေတာလည်းပါတာပေါ့။ မြေပြင်သတင်းအရ စခ အယောက် ၃၀ သေတယ်လို့ သတင်းရထားပါတယ်။ ပွဲဦးထွက်ကတည်းက ၄၀ မမ ဗုံးသီး အလုံး ၃၀ လောက် စခန်းထဲကို ပစ်ထည့်လိုက်တာ၊ သေတာက စခန်းသိမ်းတဲ့နေရာမှာပါပဲ။ ထောက်ပို့တပ်ဘက်က မပါဘူး”ဟု အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်-သရက်ခရိုင် အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူက ရှင်းပြသည်။
အဆိုပါ တိုက်ခိုက်မှုကို သရက်ခရိုင် အမှတ် ၂ တပ်ရင်းနှင့် ပြည်ခရိုင်တပ်ရင်း ၂ တို့ ပူးပေါင်းကာ ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး၊ ပြီးခဲ့သည့် ဧပြီလ ၁၄ ရက်နေ့က ဆေးတပ် (ယာယီ) အဆောင်ကို စစ်ကောင်စီတပ်က ကာမီကာဇေဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ ဆေးတပ်သား ရဲမေ ၁ ဦး ကျဆုံးခဲ့ရမှုအပေါ် လက်တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် အဆိုပါစခန်း၌ စစ်ကောင်စီတပ်သားများ လာရောက်အိပ်ရဲခြင်း မရှိတော့ဘဲ အင်အားများ ထပ်မံဖြည့်တင်းထားကြောင်း သိရသည်။
အလားတူ တစ်ဖက်တွင်လည်း မကွေးတိုင်း၊ စလင်းမြို့နယ် တညောင်တကြောမှ လျှပ်စစ်မီးလိုင်းလာပြင်သည့် စစ်ကောင်စီစစ်ကြောင်းက ဇွန်လ ၉ ရက် နံနက် ၁၁ နာရီခန့်တွင် မကျီးစင်ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး ဒရုန်းများနှင့် လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ အသက် ၃၈ နှစ်အရွယ် ဒေသခံအမျိုးသား ၁ ဦး တင်ပါးတွင် ကျည်ထိမှန်ကာ ဒဏ်ရာရရှိခဲ့သည်။
“စစ်ခွေး စစ်ကြောင်းစစ်ကြောင်းလာလို့ပြေးတာကို အဲဒါကို လှမ်းပြီး ရမ်းပစ်တယ်။ စစ်ခွေး လက် နက်ကြီးများ ပစ်ခတ်တိုက်ခိုက်မှုကြောင့် မကျီးစင်ကျေးရွာနေ အသက် ၃၈နှစ်အရွယ် အမျိုးသား ၁ ဦး တင်ပါးမှန်တယ်လို့သိရတယ်။ နေအိမ် ပျက်စီးတာမျိုးတော့ မရှိဘူး။ အခုက စစ်ကြောင်းက မကျီးစင်ကျေးရွာထဲမှာနေပြီး ဆက်မသွားဘူး။ ရွာထဲက ကြက်ဝတ်ဖမ်းစားနေကြတာလို့ သိရတယ်။ စစ်ခွေး အင်အားကတော့ ခန့်မှန်းလို့ မရဘူး”ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။
ဇွန်လ ၉ ရက်နေ့ကလည်း စလင်းမြို့နယ်အတွင်းရှိ ဆင်ဖြူကျွန်းမြို့ မြောက်ဘက်နှင့် စလင်းချောင်း မြောက်ဘက်ရှိ ကျေးရွာများကိုလည်း စစ်ကောင်စီတပ်က ဒရုန်းများနှင့် အသေခံဒရုန်းများ (Kamikaze Drones) သုံး၍ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကျေးရွာတစ်ရွာအတွင်း ကျရောက်ပေါက်ကွဲကာ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နွား ၃ ကောင် သေဆုံးခဲ့သည်။




