ရန်ကုန်၊ ဇွန် ၁၁
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ရှိ ရပ်ကွက် လမ်းဆုံလမ်းခွများနှင့် မြို့တွင်းကားဂိတ်များတွင် အလုပ်သွားအလုပ်ပြန်ပြုလုပ်နေသည့် လူငယ်များကို စစ်ကောင်စီတပ်က ၃ ရက်ဆက်တိုက် ပေါ်တာဆွဲဖမ်းဆီးကာ တစ်ဦးလျှင် ငွေကျပ်သိန်း ၁၀၀ ဖြင့် မိသားစုများထံ ပြန်လည်ရွေးခိုင်းနေကြောင်း ဒေသခံပြည်သူများနှင့်ဖမ်းဆီးခံလူငယ်များ၏ မိသားစုဝင်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၇ ရက်နေ့မှ ဇွန်လ၉ ရက်နေ့အထိ မုံရွာမြို့ပေါ်ရှိ ဂန့်ဂေါလမ်း၊ ရန်ကင်း၊ ကျောက္ကာလမ်း၊ သာစည်လမ်း၊ ပေ ၈၀ လမ်း၊ သလ္လာရပ်ကွက်၊ တိုင်းရင်းဆေးရုံလမ်း၊ စက်မှု သမ္မစိတ္တလမ်းနှင့် အေးရိပ်သာလမ်းတို့တွင် အလုပ်သွားအလုပ်ပြန်လာသော လူငယ် ၇၀ ကျော်ကို စစ်ကောင်စီတပ်က အိမ်စီးကားများအသုံးပြု၍ ပေါ်တာဆွဲဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးခံရသူသော လူငယ်များမှာ အသက် ၁၆ နှစ်မှ ၃၅ နှစ်အရွယ် အမျိုးသားများဖြစ်ပြီး လက်ရှိတွင် ၎င်းတို့အား အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နမခ) အတွင်း၌ ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။
“စစ်ခွေးတွေ ၃ ရက်ဆက်တိုက် ပေါ်တာဆွဲဖမ်းဆီးတာပါ။ အလုပ်သွား အလုပ်ပြန်လာသောသူများကို အဓိက ထားပြီး ပေါ်တာဆွဲဖမ်းဆီးတယ်။ စစ်ခွေးတွေ ၃ ရက်ဆက်တိုက် ပေါ်တာဆွဲဖမ်းဆီးတာက လူငယ် ၇၀ ကျော်လောက် ပါသွားတယ်။ လက်ရှိမှာ မိသားစုနှင့် တွေ့ခွင့်မပေးဘူး။ မိသားစုတွေကို လူငယ် တစ်ဦးလျှင် သိန်း ၁၀၀ဖြင့် ပြန်ရွေးခိုင်းနေတယ်။ ဖမ်းထားတဲ့သူတွေကို အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲမှာ ဖမ်းဆီးထားတယ်” ဟု ဖမ်းဆီးခံလူငယ်တစ်ဦး၏ မိသားစုဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်နှင့် ၂၇ ရက်နေ့တို့တွင်လည်း မုံရွာမြို့ပေါ်ရှိ လမ်းဆုံများ၊ ရပ်ကွက်များနှင့် အလုပ်မှပြန်လာသည့် လူငယ်များကို စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဒိုင်နာကားများဖြင့် ပေါ်တာဆွဲဖမ်းဆီးခဲ့ရာ အသက် ၂၅ နှစ်မှ ၃၅ နှစ်အရွယ် အမျိုးသား ၁၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ပို့ဆောင်ခြင်းခံခဲ့ရကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်တပ်က ၂၀၂၄ ခုနှစ်မှစတင်၍ စစ်မှုထမ်းသင်တန်းများကို လစဉ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ စစ်မှုထမ်းအပတ်စဉ် ၂၆ သို့ ရောက်ရှိလာပြီဖြစ်သည်။
ဓာတ်ပုံ- မုံရွာတွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရာတွင် စစ်တပ်က အသုံးပြုနေသည့် အိမ်စီးကားများ။





