25.2 C
Yangon

မင်းအောင်လှိုင်နှင့်သားဖြစ်သူ အောင်ပြည့်စုံတို့၏ ရတနာပုံမြို့သစ်စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမှုများ လာရောက်ရေးအတွက် အနီးစခန်း လေဆိပ်ကို ခရီးသည်အတင်အချလေဆိပ်အသစ်အဖြစ် အမြန်ဆုံးဖွင့်လှစ်ခိုင်းနေ

Must read

ရန်ကုန်၊ ဇွန် ၁၁

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သားဖြစ်သူ အောင်ပြည့်စုံ အကောင်အထည်ဖော်နေသော ရတနာပုံမြို့သစ် စီမံကိန်း တွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ လာရောက်ရေးအတွက် အနီးစခန်းလေဆိပ်ကို ခရီးသည်အတင်အချလေဆိပ်အသစ်ကြီးအဖြစ် အမြန်ဆုံး အဆင့်မြှင့်တင်ဖွင့်လှစ်ခိုင်းနေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အနီးစခန်းလေဆိပ်တွင် ဆိုက်ရောက် Terminal များ နှင့် ပြေးလမ်း များ တိုးချဲ့ရန်၊ ခရီးသည်များ ဆိုက်ရောက်နေရာများ တိုးချဲ့ရန်၊ နေ့စဉ် ခရီးသည် ၁၀၀၀ ထက်မနည်း ဝင်ထွက်နိုင်သော လေဆိပ်အဖြစ် အဆင့်မြှင့်တင်ခိုင်းနေပြီး မကြာမီ အမြန်ဆုံး ဖွင့်လှစ်ခိုင်းနေကြောင်း သိရှိရသည်။

“ရတနာပုံမြို့သစ်စီမံကိန်းကို ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံတွေ လာရောက်ဖို့ အနီးစခန်းကို လေဆိပ်ကို အမြန်ဆုံး အဆင့်မြှင့်တင် ဖွင့်ခိုင်းနေတယ်။ လေဆိပ်ရဲ့ ခရီးသည်အဝင်အထွက်ကို နေ့စဉ် ၁၀၀၀ သွားလာနိုင်အောင် ဒီလပိုင်းအတွင်း ဖွင့်ခိုင်းနေတာ” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် စစ်အင်ဂျင်နီယာတပ်က အနီးစခန်းလေဆိပ်အသစ်အဖြစ် အဆင့်မြှင့်တင် တည်ဆောက်နေကြောင်း၊ ၁ ရက်လျှင်ခရီးသွား ၁,၀၀၀ ခန့် ဝင်ထွက် နိုင်ရန်၊ လေဆိပ်အတွင်း ခရီးသွားပြည်သူများ နားနေရန်အတွက် ထိုင်ခုံနေရာချထားမှု များကို စနစ်တကျဆောင်ရွက်သွားရန်၊ လေယာဉ်ပြေးလမ်းကို အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်နေကြောင်း သိရှိရသည်။

ထို့ပြင် လေဆိပ်အဆောက်အဦသစ် တည်ဆောက်ခြင်း၊ လေယာဉ်ရပ်နားရန် နေရာသစ်တည်ဆောက်ခြင်း၊ လေဆိပ်အဝင်လမ်းနှင့် လေဆိပ်ဝန်းကျင် အဆင့်မြှင့်တင်ခြင်း၊ လေကြောင်းထိန်းမျှော်စင်အသစ် တည်ဆောက်ခြင်းများကိုလည်း တက်သုတ်ရိုက် ဆောင်ရွက်နေကြောင်း သိရှိရသည်။

ထို့ပြင် လေဆိပ်အသစ်တည်ဆောက်ရေး စီမံကိန်းနှင့် ရတနာပုံမြို့သစ် စီမံကိန်း အတွက် မလွတ်ကင်းသော နေအိမ်များကို ဖျက်ခိုင်းခြင်း၊ မြေယာများကို သိမ်းဆည်းမှုများလည်း ဆက်တိုက် စစ်တပ်က လုပ်ဆောင်နေကြောင်း သိရှိရသည်။

လတ်တလော မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ သုံးတောင်ကျေးရွာရှိ ရတနာပုံစီမံကိန်းနှင့် မလွတ်ကင်းသော ကျူးကျော်နေအိမ်များ၊ ဆိုင်ခန်းများကို ယခု ဇွန်လကုန် နောက်ဆုံးထား၍ ဖျက်သိမ်းခိုင်းနေကြောင်း သိရှိရသည်။

“သူတို့က ကျူးကျော်ဆိုပြီး ဖျက်ခိုင်းနေတာ။ အမှန်က နဂိုကတည်းက ဓားမဦးချ နေလာခဲ့တဲ့ သူတွေလည်းပါတယ်။ တချို့ကတော့ နောက်မှ ရောက်လာကြတာ။ မြေလွတ်မြေရိုင်းတွေကို သူတို့ တပ်ပိုင်မြေဆိုပြီး သိမ်းနေတာ” ဟု မြေသိမ်းခံရသည့် တောင်သူတစ်ဦးကရှင်းပြသည်။

ရတနာပုံမြို့သစ်စီမံကိန်းကို သန်းရွှေခေတ်တွင် ရတနာပုံဆိုက်ဘာစီးတီးအဖြစ် စတင်ခဲ့သော်လည်း မအောင်မြင်ဘဲ ရပ်နားခဲ့ကြောင်း၊ ယင်းနောက် NLD အစိုးရလက်ထက်တွင် New Mandalay Resort City စီမံကိန်းအဖြစ် ပြောင်းလဲလုပ်ဆောင်ခဲ့ကြောင်း၊ သို့ရာတွင် မအောင်မြင်ဘဲ ဆက်လက်ရပ်ဆိုင်းခဲ့ပြီး အကြမ်းဖက် မင်းအောင် လှိုင်က ယင်းစီမံကိန်းကို သန်းရွှေခေတ်အချိန် စီမံကိန်းဒီဇိုင်းဖြင့် ပြန်လည် စတင်ခြင်းဖြစ်သည်။

မင်းအောင်လှိုင်က စီမံကိန်းကို ပြန်လည်စတင်ချိန် သားဖြစ်သူ အောင်ပြည့်စုံက မြို့သစ်စီမံကိန်းတစ်ခုလုံး၏ ရေ၊မီး၊ လမ်းနှင့် အခြေခံ အဆောက်အအုံများကို တည်ဆောက်ခွင့်နှင့် လုပ်ပိုင်ခွင့်များ ရရှိထားပြီး မြေကွက်အများအပြားလည်း ရယူထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article