ရန်ကုန်၊ ဇွန် ၁၄
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ရှောက်ပင်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းဂိတ်ကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၃ ဦး သေဆုံးပြီး သေနတ် ၅ လက် သိမ်းဆည်းရမိခဲ့ကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (နဂါးညီနောင်) ထံမှ သိရသည်။
ဇွန်လ ၈ ရက်နေ့မှစတင်၍ ဇွန်လ ၁၃ ရက်နေ့မွန်းလွဲပိုင်းအထိ ဂန့်ဂေါမြို့နယ် ရှောက်ပင်ရွာရှိ အဆိုပါစစ်ဆေးရေးဂိတ်ကို ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (နဂါးညီနောင်) က တောက်လျှောက် ဆက်တိုက် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်မှ ၃ ဦး သေဆုံးခဲ့သည့်အပြင် ၎င်းတို့ထံမှ BA-100 သေနတ် ၁ လက်၊ MA-1 သေနတ် ၃ လက်နှင့် MA-11 သေနတ် ၁ လက် (စုစုပေါင်း လက်နက် ၅ လက်) ကို သိမ်းဆည်းရမိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဘက်က အတည်ပြုသည်။
ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (နဂါးညီနောင်) အဖွဲ့မှ တာဝန်ရှိသူက “စစ်ကောင်စီဘက်ကတော့ အင်အား ၁၀ ကောင်လောက် ရှိတယ်။ ကျနော်တို့ ဇွန်လ ၈ ရက်နေ့ကတည်းက စတင်ပြီး တိုက်ခိုက်ခဲ့တာပါ။ ဇွန်လ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီမှာတော့ စစ်ကောင်စီဂိတ်ရဲ့ ဘန်ကာထဲအထိ ရောက်ခဲ့တယ်။ သေဆုံးစာရင်းကတော့ ၃ ကောင် သေဆုံးပါတယ်။ သူတို့ဆီကနေ BA 100 သေနတ် ၁ လက်၊ MA-1 သေနတ် ၃ လက် ၊ MA- 11 သေနတ် ၁ လက်တို့ကို သိမ်းဆည်းရမိခဲ့တယ်။ ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် လူထုခေါင်းဆောင် အမေစုရဲ့ ၈၁ နှစ်ပြည့် မွေးနေ့အထိမ်း အမှတ်အဖြစ် အခုလို ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ”ဟု ရှင်းလင်းပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (နဂါးညီနောင်) မှ ရဲဘော်များက ဆင်နွှဲခဲ့ခြင်းဖြစ်ပြီး၊ စစ်ဆင်ရေးအပြီးတွင် တော်လှန်ရေးရဲဘော်များအားလုံး ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ





