26.5 C
Yangon

မင်းအောင်လှိုင်သားအဖ၏ ရတနာပုံမြို့သစ်စီမံကိန်းအတွက် သုံးတောင်ကျေး ရွာ အပါအဝင် ကျေး ရွာများကို နောက်ဆုံးထား ဖျက်သိမ်းခိုင်းသည့် နေ့ရက်ကို အပြောင်းအလဲလုပ်ပြီး ဇွန်လ ၂၀ ရက်နေ့ အထိ တိုးမြှင့်ပေး

Must read

ရန်ကုန်၊ ဇွန် ၁၃

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် သားဖြစ်သူ အောင်ပြည့်စုံတို့ ဦးဆောင်လုပ် ကိုင် နေသော မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်ရှိ ရတနာပုံမြို့သစ် စီမံကိန်းအတွက် သုံးတောင်ကျေးရွာ အပါအဝင် ကျေးရွာများကို မူလက လာမည့် ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထား၍ အဓမ္မဖျက်သိမ်းခိုင်းခဲ့ရာမှ ဇွန်လ ၂၀ ရက်နေ့ အထိ ပြောင်းလဲ တိုးမြှင့်ပေးလိုက်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က ပြီးခဲ့သည့် ဇွန်လ ၈ ရက်နေ့တွင် ရတနာပုံမြို့သစ်စီမံကိန်း နယ်မြေအတွင်းရှိ သုံးတောင်ကျေးရွာ အပါအဝင် ရွာများကို ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထား၍ ဖယ်ရှားဖျက်သိမ်းရန် မူလ အမိန့်ထုတ်ပြန်ခဲ့သည်။ သို့ရာတွင် ဇွန်လ ၁၃ ရက်နေ့တွင်မူ ဒုတိယအကြိမ် ထပ်မံစာထုတ်၍ နောက်ဆုံးထား ဖျက်သိမ်းပေးရမည့်နေ့ရက်ကို ဇွန်လ ၂၀ ရက်နေ့သို့ ပြောင်းလဲ သတ်မှတ်ပေးလိုက်ကြောင်း သိရှိရသည်။

လတ်တလော စစ်တပ်က၏ အမိန့်ပေးစာတွင် သုံးတောင်ကျေးရွာမှ ပြည်သူများအနေဖြင့် သတ်မှတ်ရက်အတိုင်း အမြန်ဆုံး ဖယ်ရှားရွှေ့ပြောင်းကြရန် အမိန့်ပေးခဲ့ပြီး၊ အကယ်၍ သတ်မှတ်ရက်အတွင်း မပြောင်းရွှေ့ပါက စစ်တပ်က အင်အားသုံး ဖယ်ရှားမည်ဖြစ်ကာ မည်သည့်အိမ်ထောင်ပရိဘောဂ ပစ္စည်းကိုမျှ ယူဆောင်ခွင့်ပေးမည်မဟုတ်ကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့သည်။

“ရတနာပုံဆိုက်ဘာစီးတီး ပြင်ဆင်ထိန်းသိမ်းရေးအဖွဲ့” ခေါင်းဆောင်၏ လက်မှတ်ဖြင့် နေအိမ်များ ဖျက်သိမ်းခိုင်းသည့် ဖယ်ရှားစာကို အိမ်ပိုင်ရှင်များထံ ပေးပို့ခဲ့ပြီးနောက်၊ စစ်ကောင်စီ လက်အောက်ခံ အိုးအိမ်ဦးစီးဌာနရုံးတွင် ရွာသားများကို ခေါ်ယူ၍ အိမ်ဖျက်သိမ်းရမည့် နောက်ဆုံးရက်ချိန်းကို အသိပေး၍ စစ်တပ်က အတင်းအဓမ္မ ဖိအားလာနေခြင်းဖြစ်သည်ဟု သိရှိရသည်။

“အခု ပြန်လည် စိစစ်ပေးမယ်လို့ ပြောတယ်။ ဒီကြားထဲ လိုအပ်သလောက်ပမာဏလောက်ပဲ ဖယ်ပေးရမယ်လည်း ပြောတယ်။ ဒါပေမယ့် အဲဒါတွေကလည်း အပြောစကားတွေပဲ။ လက်တွေ့ တိတိကျကျက တော့ ဇွန်လ ၁၅ ရက်နေ့အစား ဇွန်လ ၂၀ ရက်နေ့တိုးပေးထားတာ။ ပြင်ဆင်ချိန်တော့ ပိုရတယ်။ ရွာတွေ အကုန် ဖယ်ခိုင်းနေတာ။ အစိုးရမြေကို ကျူးကျော်နေတဲ့အထဲ ပါတယ်ဆိုပြီး ဖယ်ခိုင်းနေတာပါ” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

လက်ရှိ စစ်တပ်က ဖယ်ခိုင်းနေသည့် မြေနေရာများမှာ ယခင်ကတည်းက အစဉ်အဆက် နေထိုင်ခဲ့ကြသော နေရာများဖြစ်ပြီး ယခင်က တောတောင်နေရာများကို မြေရှင်း၍ ပြည်သူများက ရွာတည်ကာ နေထိုင်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ဓားမဦးချမြေနေရာများဖြစ်ကြောင်း၊ ယခုအခါ စစ်တပ်က အစိုးရပိုင်မြေဟုဆိုကာ ပြည်သူများကို အတင်းအကျပ် ဖိအားပေး ပြောင်းရွှေ့ခိုင်းနေခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက် မင်းအောင်လှိုင် သားအဖ ပြန်လည် စတင်နေသည့် ရတနာပုံမြို့သစ်စီမံကိန်းကို သန်းရွှေခေတ်တွင် ရတနာပုံဆိုက်ဘာစီးတီးအဖြစ် စတင်ခဲ့သော်လည်း မအောင်မြင်ဘဲ ရပ်နားခဲ့ကြောင်း၊ ယင်းနောက် NLD အစိုးရလက်ထက်တွင် New Mandalay Resort City စီမံကိန်းအဖြစ် ပြောင်းလဲလုပ်ဆောင်ခဲ့ကြောင်း၊ သို့ရာတွင် မအောင်မြင်ဘဲ ဆက် လက်ရပ်ဆိုင်းခဲ့ပြီး အကြမ်းဖက် မင်းအောင် လှိုင်က ယင်းစီမံကိန်းကို သန်းရွှေခေတ်အချိန် စီမံကိန်းဒီဇိုင်းဖြင့် ပြန်လည် စတင်ခြင်းဖြစ်သည်။

မင်းအောင်လှိုင်က စီမံကိန်းကို ပြန်လည်စတင်ချိန် သားဖြစ်သူ အောင်ပြည့်စုံက မြို့သစ်စီမံကိန်းတစ်ခုလုံး၏ ရေ၊မီး၊ လမ်းနှင့် အခြေခံ အဆောက်အအုံများကို တည်ဆောက်ခွင့်နှင့် လုပ်ပိုင်ခွင့်များ ရရှိထားပြီး မြေကွက်အများအပြားလည်း ရယူထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article