ရန်ကုန်၊ ဇွန် ၁၄
မြန်မာနိုင်ငံအတွင်း ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် အိန္ဒိယနိုင်ငံသား ၁၃ ဦး ပိတ်မိနေပြီး မိသားစုများက ကယ်ဆယ်ရေး စောင့်ဆိုင်းနေရကြောင်း အိန္ဒိယမှလာသော သတင်းများအရ သိရှိရသည်။
မြန်မာနိုင်ငံအတွင်းရှိ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်း လုပ်ငန်းခွင်များတွင် အဓမ္မပိတ်လှောင်ခိုင်းစေခံနေရသည့် အိန္ဒိယနိုင်ငံသား ၁၃ ဦး၏ မိသားစုဝင်များက ၎င်းတို့၏ သားသမီးများ အသက်ရှင်လျက် ရှိမရှိ သိနိုင်ရန်အတွက် အပတ်စဉ် စနေနေ့တိုင်း ၅ မိနစ်ခန့်သာ ကြာမြင့်သည့် ဖုန်းခေါ်ဆိုမှုကို ဖုန်းကိုယ်စီဖြင့် ရင်တထိတ်ထိတ် စောင့်ဆိုင်းနေကြရသည်ဟု သိရှိရသည်။
အဆိုပါ ပိတ်မိနေသူ ၁၃ ဦးအနက် အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ် (Hyderabad) မြို့မှ လူငယ် ၃ ဦး ပါဝင်နေပြီး ၎င်းတို့၏ မိသားစုဝင်များသည် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန (MEA) နှင့် သံတမန်ရေးရာ အာဏာပိုင်များထံ လပေါင်းများစွာ အကူအညီတောင်းခံခဲ့သော်လည်း ကတိကဝတ်အာမခံချက်များသာ ရရှိခဲ့ပြီး လက်တွေ့တွင် ကယ်ဆယ်နိုင်ခြင်း မရှိသေးပေ။
လူမှုကွန်ရက်ပေါ်တွင် ထွက်ပေါ်လာသည့် ဗီဒီယိုဖိုင်တစ်ခု၌ အဆိုပါ လူကုန်ကူးမှု၏သားကောင်ဖြစ်ရသူ လူငယ်များမှာ လုပ်ငန်းခွင်အတွင်း နှိပ်စက်ညှဉ်းပန်းခံရမှု အခြေအနေများကို မျက်နှာဖုံးများ စွပ်၍ ဖွင့်ဟပြောဆိုထားကြသည်။ အဆိုပါ ရာဇဝတ်ဂိုဏ်းများ၏ လက်စားချေ အန္တရာယ်ပြုမှုကို ကြောက်ရွံ့သဖြင့် မျက်နှာဖုံး စွပ်ထားရခြင်း ဖြစ်ကြောင်း မိသားစုဝင်များက ဆိုသည်။
ကျားဖြန့် လုပ်ငန်းခွင်အတွင်း အခြေအနေများ ပိုမိုဆိုးရွားလာနေပြီး အကယ်၍ ထိုအခြေအနေအတိုင်းသာ ဆက်သွားပါကေ အလောင်းကိုပင် မိသားစုဝင်များက ပြန်လည်ရရှိလိမ့်မည် မဟုတ်ကြောင်း အသက် ၂၄ နှစ်အရွယ် လူငယ် မီယာ ဆက်ဂျတ် အလီ (Mir Sajjad Ali) က ၎င်း၏ မိသားစုထံသို့ မကြာသေးမီက စိုးရိမ်ဖွယ် သတင်းစကားပါးခဲ့သည်။
မီယာ ဆက်ဂျတ် အလီ (Mir Sajjad Ali) ၏ ခဲအိုဖြစ်သူ ရစ်ဇ်ဝမ် အလီ (Rizwan Ali) ၏ အဆိုအရ ဆက်ဂျတ်သည် ၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်းက ထိုင်းနိုင်ငံတွင် Call Center အလုပ်ရမည်ဟုဆိုကာ မက်လုံးပေး ခေါ်ဆောင်ခြင်း ခံခဲ့ရပြီး ဘန်ကောက်သို့ ရောက်ရှိချိန်တွင် မြန်မာနိုင်ငံဘက်သို့ လူကုန်ကူး ခံခဲ့ရခြင်း ဖြစ်သည်။
သူတို့၏ ပတ်စပို့ (နိုင်ငံကူးလက်မှတ်) များကိုလည်း အဓမ္မသိမ်းဆည်းထားပြီး တစ်ရက်လျှင် နာရီ ၂၀ ခန့်အထိ ကြမ်းတမ်းခက်ခဲစွာ အလုပ်လုပ်ကိုင်နေရကြောင်း၊ မိသားစုဝင်များက အာဏာပိုင်များထံ အကူအညီတောင်းခံသည့်အခါတွင် လုပ်ငန်းခွင်အတွင်း နှိပ်စက်ညှဉ်းပန်းမှုများ ပိုမိုပြင်းထန်လာပြီး အွန်လိုင်းငွေလိမ်လည်မှုများနှင့် ထောက်လှမ်းရေးအချက်အလက် စုဆောင်းမှုများကို အဓမ္မ ပြုလုပ်ခိုင်းနေကြောင်း သိရသည်။
အလားတူ အသက် ၂၃ နှစ်အရွယ် မိုဟာမက် အာရှတ်ခန်း (Mohammed Arshad Khan) ၏ မိခင်ဖြစ်သူ မုဆိုးမကြီးမှာလည်း ၎င်း၏ သားဖြစ်သူနှင့် အဆက်အသွယ်မရသည်မှာ ၃ လကျော် ရှိနေပြီ ဖြစ်သည်။
အာရှတ်ခန်း၏ မိခင်က “ခင်ပွန်းဖြစ်သူ ဆုံးပါးသွားပြီးနောက်မှာ အာရှတ်က ကျမရဲ့ တစ်ဦးတည်းသော အားကိုးရာပါ။ သားဆီက ဖုန်းလာမလား ဒါမှမဟုတ် သတင်းတစ်ခုခု ကြားရမလားဆိုပြီး နေ့တိုင်း စောင့်နေရပါတယ်” ဟု ဆိုကာ ၎င်းတို့၏ သားသမီးများ ဘေးကင်းစွာ အိမ်ပြန်ရောက်နိုင်ရေးအတွက် ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့ကို အလေးအနက် အသနားခံ တောင်းဆိုထားသည်။
မြန်မာနိုင်ငံတွင် ပိတ်မိနေသည့် အဆိုပါ အိန္ဒိယနိုင်ငံသား ၁၃ ဦး တွင် ဟိုက်ဒရာဘတ်မြို့မှ ဆက်ဂျတ်၊ အာရှတ် နှင့် ရှိတ် အဗ္ဗဒူလ် ဆမီးရ် (Shaik Abdul Sameer) တို့ ၃ ဦး၊ ဗီဆာခါပတ်နမ် (Visakhapatnam) မှ ၅ ဦး၊ တမီးလ်နာဒူး (Tamil Nadu) မှ ၃ ဦး၊ အနောက်ဘင်္ဂလား (West Bengal) မှ ၁ ဦးနှင့်မဟာရဋ္ဌရ (Maharashtra) ပြည်နယ်မှ ၁ ဦးတို့ ပါဝင်ကြောင်း သိရသည်။
လက်ရှိတွင် ထိုမိသားစုများသည် မြန်မာနိုင်ငံဘက်မှ နောက်ထပ် အကူအညီတောင်းခံသည့် စိုးရိမ်ဖွယ် သတင်းစကားများအစား ဘေးကင်းစွာ ကယ်ဆယ်နိုင်ခဲ့ပြီဟူသော သတင်းကောင်းကိုသာ ကြားရရန် မျှော်လင့်ချက်ကြီးစွာဖြင့် နေ့ရက်တိုင်းကို ဖြတ်သန်းနေကြရသည်ဟု သိရှိရသည်။




