26.4 C
Yangon

အမေရိကန်နှင့် အီရန် စစ်ပွဲအဆုံးသတ်ရန် သဘောတူညီချက်ရရှိထားပြီး လာမည့်သောကြာနေ့ နှစ်နိုင်ငံလက်မှတ်ရေးထိုးမည်၊ ရေနံတင်သင်္ဘောများ ဖြတ်သန်းရာ ဟော်မုခ်ရေလက် ကြား အပြည့်အ၀ ပြန်လည်ဖွင့်လှစ်တော့မည်

Must read

ရန်ကုန်၊ ဇွန် ၁၅

အမေရိကန်ပြည်ထောင်စုနှင့် အီရန်အာဏာပိုင်များသည် ၎င်းတို့အကြား ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်ရန်၊ အမေရိကန်၏ ပိတ်ဆို့ဖြတ်တောက်မှုများကို ရပ်ဆိုင်းရန်နှင့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ပြန်လည်ဖွင့်လှစ်ရန်အတွက် မူဘောင်သဘောတူညီချက်တစ်ရပ် ရရှိခဲ့ကြပြီဖြစ်ကြောင်း ယနေ့ နှစ်ဖက်စလုံးက ထုတ်ပြန်လိုက်ကြသည်။

ယခု ပဏာမသဘောတူညီချက်ကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများ ကျဆင်းသွားခဲ့သော် လည်း အီရန်၏ နျူကလီးယားအစီအစဉ် ကံကြမ္မာကိုမူ ရှေ့ဆက်ဆွေးနွေးမှုများတွင် ဆက်လက်ညှိနှိုင်းသွားရမည် ဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အစိုးရနှင့် သဘောတူညီချက် ရရှိသွားပြီဖြစ်ကြောင်း ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့ပြီး၊ ကြားခံစေ့စပ်ပေးခဲ့သည့် ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှရစ်ဖ်ကလည်း သဘောတူညီချက် ရရှိခဲ့မှုကို အတည်ပြု ကြေညာခဲ့သည်။

အဆိုပါ နားလည်မှုစာချွန်လွှာကို လာမည့်သောကြာနေ့တွင် ဆွစ်ဇာလန်နိုင်ငံ၌ တရားဝင်လက်မှတ်ရေးထိုးရန် စီစဉ်ထားသည်။

နှစ်နိုင်ငံ သဘောတူညီချက်၏ အသေးစိတ်အချက်အလက်များကို ချက်ချင်းမသိရသေးသော်လည်း လက်ဘနွန်အရေးအပါအဝင် စစ်မျက်နှာအားလုံးတွင် စစ်ဆင်ရေးများကို ချက်ချင်းနှင့် အပြီးတိုင်ရပ်ဆိုင်းရန် ပါဝင်ကြောင်း သိရသည်။

အီရန်အမျိုးသားလုံခြုံရေးကောင်စီကလည်း လက်ဘနွန်အပါအဝင် စစ်မျက်နှာအားလုံးက စစ်ရေးလှုပ်ရှားမှုများ တနင်္လာနေ့ညပိုင်းမှစ၍ အပြီးတိုင် ရပ်စဲသွားမည်ဟု ဆိုသည်။ ယခုဆွေးနွေးပွဲတွင် မိမိတို့ ပါဝင်ပတ်သက်ခြင်းမရှိဟု ပြောဆိုထားသည့် အစ္စရေးဘက်ကမူ တစ်စုံတစ်ရာ ချက်ချင်းတုံ့ပြန်ခြင်း မရှိသေးပေ။

အမေရိကန်သမ္မတထရမ့်က အီရန်ဘက်က လပေါင်းများစွာ ပိတ်ဆို့ထားခဲ့သည့် ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ သယ်ယူပို့ဆောင်ရေး အဓိကလမ်းကြောင်းဖြစ်သော ဟော်မုဇ်ရေလက်ကြားကို သောကြာနေ့တွင် ပြန်ဖွင့်ပေးမည်ဖြစ်ပြီး အမေရိကန်စစ်တပ်၏ အီရန်ဆိပ်ကမ်းများအပေါ် ပိတ်ဆို့ထားမှုကိုလည်း ရုပ်သိမ်းရန် အမိန့်ပေးထားကြောင်း ပြောကြားခဲ့ရာ ကမ္ဘာ့ရေနံဈေးနှုန်းများ သိသိသာသာ ထိုးဆင်းသွားခဲ့ပြီး အာရှစတော့ဈေးကွက်များ မြင့်တက်လာခဲ့သည်။

သို့သော်လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူဟောင်း မက်သရူး မီလာက ထရမ့်အနေဖြင့် အီရန်ထံ အရေးပါသည့် အလျှော့ပေးမှုများ ပြုလုပ်ခဲ့ရကြောင်းနှင့် အီရန်၏ နျူကလီးယားအစီအစဉ်ကို ဖြေရှင်းနိုင်မည့် သေချာမှုမရှိဘဲ ကမ္ဘာ့စီးပွားရေးကို ဓားစာခံလုပ်ကာ အမေရိကန်ထံမှ အလိုရှိရာ တောင်းဆိုသွားနိုင်ကြောင်း ဝေဖန်ခဲ့သည်။

အီရန်ဒုတိယနိုင်ငံခြားရေးဝန်ကြီးကမူ ရက်ပေါင်း ၆၀ အပစ်အခတ်ရပ်စဲရေးကာလအတွင်း စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းရေးအပါအဝင် ပိုမိုကျယ်ပြန့်သည့် သဘောတူညီချက်များကို ဆက်လက်ဆွေးနွေးသွားမည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်နှင့် အစ္စရေးတို့ အီရန်ကို စတင်တိုက်ခိုက်ခဲ့စဉ်ကတည်းက အီရန်နှင့် လက်ဘနွန်တို့တွင် လူပေါင်းထောင်ချီ သေဆုံးခဲ့ရပြီး ဖြစ်သည်။

ယခုစစ်ပွဲကြောင့် ကမ္ဘာ့စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာမှုမှာ လာမည့်နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ သမ္မတထရမ့်နှင့် ရီပတ်ဘလစ်ကန်ပါတီအတွက် နိုင်ငံရေးအရ အကြပ်အတည်းဖြစ်လာစေခဲ့သလို၊ အီရန်၏ နျူကလီးယားအစီအစဉ်ကို လုံးဝပိတ်ပစ်ရန် ပြည်တွင်း၌ ဖိအားပေးမှုများနှင့်လည်း ရင်ဆိုင်နေရသည်။

ရီပတ်ဘလစ်ကန်အမတ် လင်ဆေးဂရေဟမ်ကမူ ယခုသဘောတူညီချက်ကို ချီးကျူးခဲ့ပြီး အီရန်နှင့်ပြုလုပ်မည့် မည်သည့်နျူကလီးယားသဘောတူညီချက်မဆို လွှတ်တော်၏ ပြန်လည်သုံးသပ်မှုနှင့် မဲခွဲဆုံးဖြတ်မှုကို ခံယူရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါငြိမ်းချမ်းရေးသဘောတူညီချက်ကို အစ္စရေးက လက်ဘနွန်အပေါ် တနင်္ဂနွေနေ့တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့်ကြားကပင် ရရှိအောင် ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်သည်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုသည် အမေရိကန်နှင့် အီရန်တို့ သဘောတူညီချက်ရရှိနိုင်ရေးအတွက် လက်ဘနွန်ရှိ စစ်ရေးလှုပ်ရှားမှုများကို ထိန်းချုပ်ရန် အမေရိကန်၏ တောင်းဆိုချက်အပေါ် သဘောထားကွဲလွဲနေခဲ့သူ ဖြစ်သည်။

အမေရိကန် သမ္မတထရမ့်က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို အလွန်ခက်ခဲသည့်လူတစ်ယောက်ဟု နယူးယောက်တိုင်းမ်နှင့် အင်တာဗျူးတွင် ပြောဆိုခဲ့ပြီး အီရန်၏ နျူက လီးယားအန္တရာယ်မှ ကာကွယ်ပေးခဲ့သည့်အတွက် ၎င်းကို ကျေးဇူးတင်သင့်ကြောင်း ပြောကြားခဲ့သည်။

နှစ်နိုင်ငံသဘောတူညီချက်မူကြမ်းအရ အမေရိကန်က ပိတ်ဆို့ထားတားဆီးထားသည့် အီရန်၏ ပိုင်ဆိုင်မှု ဒေါ်လာ ၂၅ ဘီလီယံကို ပြန်လည်လွှဲပြောင်းပေးရန် သဘောတူညီထားပြီး အီရန်၏ နျူကလီးယားအစီအစဉ်ကို ဖျက်သိမ်းကာ ယူရေနီယံများကို နိုင်ငံအတွင်း၌ပင် ဖျက်သိမ်းသွားရန် သဘောတူညီထားသည်ဟု သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article