ရန်ကုန်၊ ဇွန် ၁၅
လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းအုပ်ချုပ်ခွင့်တို့ဖြင့် ပြည့်စုံသော “ကော်သူးလေ ကရင်ပြည်” တည်ထောင်ရေးနှင့် နိုင်ငံရေးကံကြမ္မာကို ကိုယ်တိုင်ဖန်တီးနိုင်ရေးအတွက် ခေတ်ကာလနှင့်အညီ အတူတကွ အင်တိုက်အားတိုက် ကြိုးပမ်းတည်ဆောက်ကြရန် KNU-ကရင်အမျိုး သားအစည်းအရုံး ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက တိုက်တွန်းလိုက်သည်။
ယမန်နေ့ ဇွန်လ ၁၄ ရက်နေ့ ကျရောက်သည့် ၇၇ နှစ်မြောက် ကော်သူးလေနေ့သို့ ပေးပို့သော သဝဏ်လွှာတွင် ၎င်းက ယခုကဲ့သို့ တိုက်တွန်းပြောကြားလိုက်ခြင်းဖြစ်သည်။
ကရင့်လက်နက်ကိုင်တော်လှန်ရေး စတင်ခဲ့သည့် ၁၉၄၉ ခုနှစ်အတွင်း မြို့ရွာများကို သိမ်း ပိုက်နိုင်ခဲ့သော်လည်း အုပ်ချုပ်ရေးနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပိုင်းတွင် အားနည်းချက်များ ရှိခဲ့သဖြင့် တောင်ငူမြို့၌ အရေးပေါ်အစည်းအဝေးတစ်ရပ် ခေါ်ယူကာ ၁၉၄၉ ခုနှစ် ဇွန်လ ၁၄ ရက်နေ့တွင် “ကော်သူးလေအစိုးရ” (KGB) ကို စတင်ဖွဲ့စည်းခဲ့ကြောင်း ၊ ထို့နောက် ၁၉၅၀ ပြည့်နှစ် ဧပြီလတွင် ပထမဆုံးအကြိမ် အစည်းအဝေး ကျင်းပခဲ့ပြီး ဇွန်လ ၁၄ ရက်နေ့ကို “ကော်သူးလေနေ့” အဖြစ် သတ်မှတ်ကာ ယနေ့တိုင် ဂုဏ်ပြုကျင်းပခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
သမိုင်းကြောင်းအရ မဟာလူမျိုးကြီးဝါဒ၏ ဖိနှိပ်မှုများကြောင့် နိုင်ငံပျောက်ဆုံးခဲ့ရသည့် ကရင်အမျိုးသားများသည် လွတ်မြောက်ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တော်လှန်တိုက်ပွဲဝင်နေကြရပြီး၊ ၎င်းတို့၏ ရည်မှန်းချက်ဖြစ်သော “ကော်သူးလေ ကရင်ပြည်” ထူထောင်ရေးကို လက်ရှိ နိုင်ငံရေးအခင်းအကျင်းအောက်တွင် အောက်ခြေပြည်သူလူထုက မိမိတို့နယ်မြေ၊ အုပ်ချုပ်ရေးနှင့် အစိုးရကို မိမိတို့ကိုယ်တိုင် သတ်မှတ်လက်ခံသည့် အားကောင်းသော တည်ဆောက်မှုဖြင့် အကောင်အထည်ဖော်နေကြောင်း ကေအဲန်ယူ ဥက္ကဋ္ဌက ဆိုသည်။
ထိုသို့ အကောင်အထည်ဖော်ဆောင်ရာတွင် ပြီးခဲ့သည့် ၂၀၂၆ ခုနှစ် ဧပြီလ ၃ ရက်နေ့၌ “တော်လှန်ရေးကာလ ကော်သူးလေပဋိညာဉ်” ကို အတည်ပြုခဲ့ကြပြီး၊ “တော်လှန်ရေးကာလ ကော်သူးလေအတိုင်ပင်ခံကောင်စီ” နှင့် “တော်လှန်ရေးကာလ ကော်သူးလေအုပ်ချုပ်ရေးကောင်စီ” တို့ကို စနစ်တကျ ဖွဲ့စည်းခဲ့ကြောင်း၊ ယင်းကောင်စီများမှတစ်ဆင့် ကောင်းမွန်သော ခေါင်းဆောင်မှု၊ ပြည်သူ့ရေးရာစီမံအုပ်ချုပ်မှု၊ လူထုလုံခြုံရေးနှင့် စီးပွား ရေး စသည်တို့ကို ဖြည့်ဆည်းပေးခြင်းဖြင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ကော်သူးလေအဖြစ် အသိအမှတ်ပြုမှုကို တည်ဆောက်သွားမည် ဖြစ်ကြောင်း သူက ပြောဆိုသည်။
ထို့ကြောင့် နောင်အနာဂတ်ကာလတွင် မိမိတို့၏ ကံကြမ္မာကို မိမိတို့ကိုယ်တိုင် စီမံအုပ် ချုပ်နိုင်ရန်အတွက် ကဏ္ဍအသီးသီးတွင် အုပ်ချုပ်ရေးနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကို တတ် ကျွမ်းနားလည်သည့် မျိုးဆက်သစ်များကို ပြုစုပျိုးထောင်ကာ “ကော်သူးလေ” ထူထောင်ရေးလုပ်ငန်းစဉ်များတွင် ကရင်တစ်မျိုးသားလုံး အတူတကွ အင်တိုက်အားတိုက် ပါဝင်ကြိုးပမ်းကြရန် KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက တိုက်တွန်းနှိုးဆော်ထားသည်။




