ရန်ကုန်၊ ဇွန် ၁၇
စစ်ကိုင်းတိုင်း၊ ရေဦးမြို့တွင် အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးထားသော လူငယ် ၇ ဦး စစ်သားများကို ပြန်လည် ခုခံတိုက်ခိုက်ပြီး ထွက်ပြေးလွတ်မြောက်လာကြောင်း ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၁၄ ရက်နေ့တွင် ရေဦးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော အထက ၂ ကျောင်း၌ ဖမ်းဆီးခံထားရသော လူငယ် ၇ ဦးသည် လုံခြုံရေးကျနေသော စစ်သားများကို ပြန်လည် ခုခံ တိုက်ခိုက်ပြီး ထွက်ပြေး လွတ်မြောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိချိန်တွင် ထွက်လာသော လူငယ် ၇ ဦးကို ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ကယ်တင်ထားပြီး ကောင်းမွန်စွာ ကူညီစောင့်ရှောက်ပေးထားကြောင်း၊ ထိုလူငယ် ၇ ဦးလုံးကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးထားခြင်းဖြစ်ပြီး ၅ ဦးမှာ ရေဦးမြို့ပေါ်တွင် နေထိုင်သူများဖြစ်ကာ ကျန် ၂ ဦးသည် ကျေးရွာများတွင် နေထိုင်သူဖြစ်ကြောင်း သိရှိရသည်။
ယင်းလူငယ်များထဲမှ ၁ ဦးသည် ခရီးသွားနေစဉ် စစ်ကိုင်းဘက်၌ ပေါ်တာဆွဲ ဖမ်းဆီးခံရခြင်းဖြစ်ပြီး ၂ ဦးမှာ မြို့ပေါ်သို့ မှတ်ပုံတင် လာရောက် ပြုလုပ်စဉ် ဖမ်းခံရခြင်းဖြစ်ကြောင်း၊ ကျန်ရှိသူများကို စစ်တပ်က နေအိမ်ထဲထိ ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“လက်ရှိတော့ သူတို့ ၇ ဦးလုံးကို ကောင်းမွန်စွာ စောင့်ရှောက်ထားပါတယ်။ သူတို့ အကုန်လုံးက ပေါ်တာဆွဲ ဖမ်းဆီးခံရတာပါ လုံခြုံရေး တာဝန်ကျနေတဲ့ စစ်ခွေးတွေကို ပြန်လည် ခုခံပြီး ထွက်ပြေးလာတာ ဆက်လက်ပြီး စစ်ဆေးတာတွေ လုပ်ဆောင်နေပါတယ်။ ရေဦးမြို့ပေါ်ကို သွားလာမယ့် ပြည်သူတွေအနေနဲ့ သတိပြုသွားလာကြဖို့ ပြောချင်ပါတယ်” ဟု ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
ဓာတ်ပုံ – သထုံမြို့နယ်ရှိ အမှတ် ၉ စစ်အခြေခံလေ့ကျင့်ရေးတပ်တွင် ပေါ်တာဆွဲအဓမ္မ ဖမ်းဆီးခံရပြီး စစ်မှု ထမ်းသင်တန်းအပတ်စဥ် ၂၃ အတင်းအကျပ် တက်ရောက်ခဲ့ရသည့် စစ်မှုထမ်းတပ်သားသစ်များကို ရှေ့တန်းပို့ဆောင်ရန် ပြင်ဆင်နေစဉ်




