25.7 C
Yangon

ယင်းမာပင်၊ ပုလဲ၊ မြိုင်နှင့် ပေါက်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်၊ အသေခံဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်၊ မြေပြင် စစ်ကြောင်းကလည်း ကျေးရွာများကို ဝင်ရောက် စီးနင်းပြီး ပြည်သူများကို ဖမ်းဆီးကာ မိုင်းနင်းခိုင်း

Must read

ရန်ကုန်၊ ဇွန် ၁၇

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းများခွဲကာ ဆက်တိုက် ဝင်ရောက်စီးနင်းနေပြီး တိုက်ခိုက်ရေးဒရုန်းဖြင့် ဗုံးကျဲခြင်း၊ ဖမ်းဆီးထားသော ပြည်သူများကို မိုင်းနင်းခိုင်းခြင်းများ ပြုလုပ်နေ၍ စစ်ရေးအခြေအနေ တင်းမာနေပြီး လမ်းပိုင်းတချို့ကို တော်လှန်ရေးအင်အားစုများက ယာယီပိတ်သိမ်းထားကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇွန်လ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ပုလဲမြို့နယ်၊ သရက်ကန်ကျေးရွာနှင့် မကျီးကန်ကျေးရွာတို့တွင် ညအိပ်တပ်စွဲခဲ့သည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် စစ်ကားများဖြင့် ပုလဲမြို့နယ် လက်တောင်းကြီးကျေးရွာမှ ပုလဲမြို့ပေါ်ကို ဝင်ရောက်သွားခဲ့ကြောင်း၊ ထို့နောက် နံနက် ၁၁ နာရီခန့်တွင် အဆိုပါ စစ်ကြောင်းသည် ပုလဲမြို့ထဲမှ မြကုန်းကျေးရွာအတွင်းကို ထပ်မံစစ်ကြောင်းထိုးကာ ဖမ်းဆီးခေါ်ဆောင်လာသည့် ပြည်သူများကို မြကုန်းကျေးရွာ အနီးဝန်းကျင်၌ မိုင်းနင်းခိုင်းပြီး လူသားဒိုင်း ပြုလုပ်နေကြောင်း သိရှိရသည်။

ထို့ပြင် ယနေ့ နံနက် ၁၁ နာရီခန့်တွင် ယင်းမာပင်မြို့နယ် လည်ငေါက်ကျေးရွာတွင် ကျန်ရှိနေခဲ့သည့် အကြမ်းဖက် စစ်သားများသည်လည်း လက်တောင်းငယ်ကျေးရွာအတွင်းသို့ လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ကာ စစ်ကြောင်းထိုးဝင်ခဲ့ပြီး မွန်းလွဲပိုင်းတွင် တိုက်ခိုက်ရေးဒရုန်း ၁ စီးဖြင့် လည်ငေါက်ကျေးရွာ၏ အရှေ့ဘက် လည်ငေါက်-ဆားလင်းကြီးလမ်းမပေါ်ကို ဗုံးကျဲတိုက်ခိုက်ခဲ့ရာ လမ်းဘေးဇရပ်တစ်ခုပျက်စီးခဲ့ကြောင်း သိရသည်။

“ယင်းမာပင်လည်ငေါက်ရွာမှာ ကျန်ခဲ့တဲ့ စစ်ခွေးတွေက လက်တောင်းငယ်ရွာဘက်ကို သေနတ်တွေရမ်းပစ်ပြီး ဝင်သွားတယ်။ အဲ့စစ်ကြောင်းက အရှေ့ဘက်မှာရှိတဲ့ဇရပ် (လည်ငေါက်-ဆားလင်းကြီးလမ်းမပေါ်) ကို ဒရုန်းနဲ့ဗုံးကြဲလို့ လမ်းဘေးဇရပ် ပျက်စီးတယ်လို့ သိရတယ်။ ပုလဲဘက်မှာကျတော့ မြို့ထဲကထွက်လာတဲ့ စစ်ကြောင်းက မြကုန်းရွာကို ဝင်တယ် ဖမ်းလာတဲ့ ပြည်သူတွေကိုလည်း ရွာအနီးအနားမှာ လမ်းရှင်းခိုင်းနေတယ်၊ လူသားဒိုင်းလုပ်ပြီး မိုင်းရှင်းခိုင်းနေတဲ့ သဘောပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိချိန်တွင် စစ်ရေးအခြေအနေတင်းမာနေမှုများကြောင့် ယင်းမာပင် – ပုလဲ လမ်းပိုင်း နှင့် ပုလဲ – မင်းတိုင်ပင် လမ်းပိုင်းကို ပြည်သူများ ဘေးအန္တရာယ်မဖြစ်စေရန်အတွက် ဖြတ်သန်းသွားလာခွင့်ကို ဒေသတွင်း တော်လှန်ရေးအင်အားစုများက ပြန်လည်အသုံးပြုခွင့်မပြုမချင်း ယာယီပိတ်သိမ်းထားပြီး ပြည်သူများအနေဖြင့် စစ်ရေးသတိ၊ လေကြောင်းသတိရှိကြရန် သတိပေးနှိုးဆော်ထားသည်။

အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ပေါက်မြို့နယ် ချက်ကန်ကျေးရွာကို စစ်တပ်က အသေခံဒရုန်းများဖြင့် ၂ ကြိမ်တိုင်တိုင် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇွန်လ ၁၇ ရက်နေ့ နံနက်ပိုင်း ၉ နာရီ ၂၅ မိနစ်နှင့် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ပေါက်မြို့နယ်တောင်ပိုင်းရှိ ချက်ကန်ကျေးရွာအတွင်းကို အကြမ်းဖက် စစ်တပ်၏ အမှတ် ၂၄ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ-၂၄ မှ အသေခံဒရုန်း ၂ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲတိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုနှင့် နေအိမ်များပျက်စီးမှုများကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“ဒီနေ့နံနက်ပိုင်း ကပစ ၂၄ ထဲက စစ်ခွေးတွေက အသေခံဒရုန်းတွေနဲ့ ပေါက်တောင်ပိုင်းက ချက်ကန်ရွာကို လာချတာဗျ။ နံနက် ၉ နာရီခွဲဝန်းကျင်မှာ တစ်စီးလာချတယ်။ ပြီးတော့ ၁၀ နာရီခွဲလောက်မှာ နောက်တစ်စီး ထပ်ချသွားတာပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်းရှိ ကျေးရွာများကို အကြမ်းဖက်စစ်တပ်က လေယာဉ်၊ အသေခံဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇွန်လ ၁၇ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်ခန့်မှစတင်ကာ မွန်းလွဲ ၃ နာရီ ၅၅ မိနစ်ခန့်အတွင်း မကွေးလေတပ်မှ တက်လာသောအကြမ်းဖက် စစ်တပ်၏ Y-12 ဗုံးကျဲလေယာဉ် ၁ စီးသည် မြိုင်မြို့နယ်တောင်ပိုင်းရှိ မြဇီးတောရွာ၊ ပန်းတိုင်းတောရွာ၊ စိုတောရွာနှင့် မြေရင့်ရွာ အနီးတစ်ဝိုက်ကို လေကြောင်းတိုက်ခိုက်မှု ၁၂ ကြိမ်အထိ ဆက်တိုက်ဗုံးကျဲပြုလုပ်သွားခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ယနေ့ ဇွန်လ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်ခန့်နှင့် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်တွင်လည်း မြိုင်မြို့နယ်တောင်ပိုင်းရှိ ကံယာကောင်းကျေးရွာအနီးကို အကြမ်းဖက် စစ်တပ် တပ်စွဲထားသော မြိုင်စက်မှု ၂ မှ တက်လာသော အသေခံဒရုန်းများဖြင့် ၂ ကြိမ်တိုင်တိုင် ထပ်မံဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုများအတွင်း ပြည်သူများထိခိုက်ဒဏ်ရာရရှိမှုနှင့် နေအိမ်များပျက်စီးမှုအခြေအနေများကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

“ဒီနေ့ မွန်း ၃ နာရီ ၂၀ မိနစ်ကနေ ၃ နာရီ ၅၅ မိနစ်တွေမှာ မကွေးလေတပ်တက် မြိုင်နယ်တောင်ပိုင်းရှိ မြဇီးတော၊ ပန်းတိုင်းတော၊ စိုတော၊ မြေရင့်ရွာတွေကို မကွေးလေတပ်တက် Y-12 နဲ့ ၁၂ ကြိမ်လောက်အထိ ဗုံးလာကျဲသွားတယ်။ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်ခန့်နှင့် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့် ကံယာကောင်းရွာဘက်ကိုလည်း စက်မှု (၂) ထဲကနေ တက်လာတဲ့ အသေခံဒရုန်းတွေနဲ့ ၂ ကြိမ် တိုက်ခိုက်သွားတယ်။ လောလောဆယ် ပြည်သူတွေ ထိခိုက်မှုနဲ့ နေအိမ်ပျက်စီးမှု အခြေအနေ အသေးစိတ်ကိုတော့ စုံစမ်းနေတုန်းပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ညအချိန် လေယာဉ်ဖြင့် မီးလောင်ဗုံးများကျဲချ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ မီးလောင်ပျက်စီးနေစဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article