ရန်ကုန်၊ ဇွန် ၁၉
အကြမ်းဖက် မြန်မာစစ်တပ်က မတရား ဖမ်းဆီးထိန်းသိမ်းထားသော ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် နိုင်ငံ တကာ လွှတ်တော်အမတ် ၁၃၄ ဦးက အာဆီယံဥက္ကဋ္ဌဖိလစ်ပိုင်နိုင်ငံထံသို့ အိတ်ဖွင့်ပေးပို့တောင်းဆိုလိုက်ကြသည်။
ယနေ့ ဇွန်လ ၁၉ ရက်တွင် ကျရောက်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ မြန်မာနိုင်ငံရှိ မတရားဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရန် အာဆီယံနှင့် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်ကောင်စီအား ဖိအားပေးတောင်းဆိုရန် ကမ္ဘာ့နိုင်ငံပေါင်း ၁၁ နိုင်ငံမှ လက်ရှိနှင့် အငြိမ်းစား လွှတ်တော်အမတ် ၁၃၄ ဦးက စုပေါင်း၍ အာဆီယံဥက္ကဋ္ဌထံ အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့တောင်းဆိုလိုက်ကြခြင်းဖြစ်သည်။
အာဆီယံလူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR) နှင့်အတူ ဩစ တြေးလျ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ အီတလီ၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ တောင်အာဖရိက၊ ထိုင်းနှင့် တီမောလက်စ်တေနိုင်ငံတို့မှ လွှတ်တော်အမတ်များသည် ၂၀၂၆ ခုနှစ် အာဆီယံဥက္ကဋ္ဌဖြစ်သူ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကော့စ် ဂျူနီယာ (Ferdinand R. Marcos Jr.) နှင့် အာဆီယံခေါင်းဆောင်များထံ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ခြင်းဖြစ်သည်။
အဆိုပါ စာပေးပို့သော လှုပ်ရှားမှာ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်သေပြရေး (Proof of Life)” နှင့် “81 for 81” လှုပ်ရှားမှုများကို ဝန်းရံထောက်ခံခြင်းလည်း ဖြစ်သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းချိန်မှစ၍ လက်ရှိအချိန်အထိ ပြည်သူ ၃၁,၁၄၁ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး ၂၂,၀၀၀ ကျော်မှာ ဆက်လက်ထိန်းသိမ်းခံထားရဆဲ ဖြစ်သည်။ ထို့ပြင် ဒီမိုကရေစီအရေးလှုပ်ရှားသူများနှင့် အရပ်သား ၇,၈၀၀ ကျော် သတ်ဖြတ်ခံခဲ့ရသည်။
၂၀၂၆ ခုနှစ် ဧပြီလတွင် ဒေါ်အောင်ဆန်းစုကြည်အား ထောင်မှ နေပြည်တော်ရှိ လျှို့ဝှက်နေရာတစ်ခုသို့ နေအိမ်အကျယ်ချုပ်အဖြစ် ပြောင်းရွှေ့ခဲ့သည်ဟူသော သတင်းများထွက်ပေါ်လာပြီးနောက်၊ ၎င်း၏ ကျန်းမာရေးအခြေအနေနှင့်ပတ်သက်၍ မိသားစုဝင်များနှင့် ရှေ့ နေများအား တွေ့ဆုံခွင့် ပိတ်ပင်ထားဆဲ ဖြစ်သဖြင့် သက်ရှိထင်ရှားရှိကြောင်း သက်သေပြရန် အရေးပေါ်လိုအပ်နေသည်။
နိုင်ငံတကာအမတ်များ၏ အိတ်ဖွင့်ပေးစာတွင် အာဆီယံခေါင်းဆောင်များအနေဖြင့် မြန်မာ့အရေးကို ထိရောက်ပြတ်သားစွာ ကိုင်တွယ်ရန် တိုက်တွန်းထားပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို စစ်ကောင်စီက ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရန် အာဆီယံအနေဖြင့် တရားဝင် ပြတ်ပြတ်သားသား တောင်းဆိုရန် တိုက်တွန်းထားသည်။
ယင်းအပြင် စစ်ကောင်စီနှင့် မည်သည့်တွေ့ဆုံဆွေးနွေးမှုမျိုးမဆို မလုပ်ဆောင်မီ ဒေါ်အောင်ဆန်းစုကြည်အား လူထုရှေ့မှောက်သို့ တရားဝင် ထုတ်ပြရမည်ဖြစ်ပြီး၊ ၎င်း၏ မိသားစု၊ ရှေ့နေများနှင့် လွတ်လပ်သော ဆေးကုသရေးအဖွဲ့များကို ချက်ချင်း အတား အဆီးမရှိ တွေ့ဆုံခွင့်ပေးရန် ကနဦးစည်းကမ်းချက်အဖြစ် သတ်မှတ်ရန်လည်း ဆက်လက် တောင်းဆိုထားသည်။
အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်အတိုင်း တိုးတက်မှုရှိမှသာ စစ်ကောင်စီကို ဆက်ဆံရန်ဖြစ်ပြီး၊ နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေး၊ အကြမ်းဖက်မှုရပ်တန့်ရေးနှင့် အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်ပေါ်လာရေးတို့တွင် သိသာထင်ရှားသော တိုးတက်မှုများ မပြသနိုင်ပါက စစ်ကောင်စီကို ဆက်လက်အသိအမှတ်မပြုရန်၊ အာဆီယံအနေဖြင့် ဒေသတွင်းစည်းလုံးညီညွတ်မှုကို ပြသပြီး အရှေ့တောင်အာရှပြည်သူများ အခက် ခဲဆုံးအချိန်တွင် အားကိုးထိုက်သော အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သက်သေပြရန် အခွင့်အရေးကို အရယူရန် နိုင်ငံတကာအမတ်များက တိုက်တွန်းထားသည်။




