ရန်ကုန်၊ ဇွန် ၁၉
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းရွာမှ အသက် ၆၄ နှစ်အရွယ် ဦးသိန်းစိုးကို အကြမ်းဖက် စစ်တပ်က မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မေလကုန်ပိုင်းမှ စတင်ပြီး အုတ်ဖိုမြို့နယ် အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်သည် ဇွန်လ ၁ ရက်၊ ၂ ရက်နှင့် ၃ ရက်နေ့တို့တွင် ချောင်းခွရွာနှင့် ဇီးတောရွာ ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် ဇွန်လ ၆ ရက်မှ ဇွန်လ ၉ ရက်နေ့ထိလည်း စစ်တပ်က ထန်းပင်ကုန်းရွာနှင့် ကျွန်းလှကုန်းရွာ တို့ကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၂၀၀ နီးပါး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
ထိုစစ်ကြောင်းသည် ထန်းပင်ကုန်းရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးစဉ် ဇွန်လ ၉ ရက်နေ့၌ ကျေးရွာနေပြည်သူ အသက်
၆၄ နှစ်အရွယ် ဦးသိန်းစိုးကို မီးရှို့သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် ရွာထဲရှိ နေအိမ် ၁၀၀ ဝန်းကျင် မီးလောင် ပြာကျခဲ့ကြောင်း သိရှိရသည်။
“အုတ်ဖို၊ ထန်ပင်ကုန်းရွာကို စစ်ခွေးတွေ ဝင်ရောက်စီးနင်း မီးရှို့တုန်းက အသက် ၆၄ နှစ်အရွယ် ဦးသိန်းစိုးကို မီးရှို့သတ်ဖြတ်သွားတာ ရုပ်အလောင်းကို ဒီနေ့မှ ပြန်ရှာတွေ့တယ်။ အရိုးစုပဲကျန်တော့တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထိုစစ်ကြောင်းသည် မေလ ၃၁ ရက်နေ့တွင် ချောင်းခွရွာထိပ် တံတား၌ ၎င်းတို့ ဖမ်းဆီးထားသော ပြည်သူ ၅ ဦးကို သတ်ဖြတ်ထားကာ ရုပ်အလောင်းများကို စွန့်ပစ်ထားခဲ့ကြောင်း၊ အလားတူ မေလ ၂၆ ရက်နေ့ကလည်း အုတ်ဖိုမြို့နယ်၊ ကိုင်ကြီးကျေးရွာအတွင်း ပြန်လည်ဝင်ရောက်လာသော စစ်ဘေးရှောင်ပြည်သူ ၃ ဦးကို စစ်တပ် ကင်းပုန်းက လိုက်လံပစ်ခတ်ခြင်းကြောင့် အသက် ၅၀ ကျော်အရွယ် ဦးအေးကြီးနှင့် အသက် ၄၀ ကျော်အရွယ် ဦးဖိုးဇော်တို့ နေရာတင်ပွဲချင်းပြီး သေဆုံးကာ ၎င်းတို့ ယူဆောင်လာသော ငွေကျပ် ၃၅ သိန်းကိုလည်း ယူဆောင်သွားကြောင်း သိရှိရသည်။
ယင်းစစ်ကြောင်းကြောင့် အုတ်ဖိုမြို့နယ်အတွင်း ဒေါင်းကြီးရွာ၊ ဒေါင်းလေးရွာ၊ ကျေးပင်ဆိတ်ရွာ၊ မအူတန်းရွာ၊ ဝင်းသရက်ရွာ၊ သရက်နှစ်ပင်လိမ်ရွာ၊ ကိုင်းရှိုကြီးရွာ၊ သာလိကာရွာ၊ ချောင်းခွကြီးရွာ၊ ကျွဲတဲကုန်းရွာ၊ ကြိုးကြာကွင်းရွာ၊ စမ်းကြီးကုန်းရွာ၊ စံပြရွာ၊ ထွက်တိုးရွာ၊ ရေငံရွာ၊ စမ်းသုခရွာ၊ ကိုင်းတောစုရွာ၊ ကြို့ကိုးပင်ရွာ၊ ချင်းစုရွာ၊ ကျွဲဖြူမရွာ၊ ရွာရှောင်ရွာ၊ ကိုင်းကြီးရွာ၊ ကိုင်းလေးရွာ၊ တင်းကုတ်ရွာ၊ ဥတိုရွာ၊ ရေဒါရွာနှင့် ကျေးပြတ်ရွာတို့အပါအဝင် ရွာပေါင်း ၃၀ နီးပါးမှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေကြောင်း သိရသည်။




