25.9 C
Yangon

တောင်ကြီးမြို့တွင် စက်သုံးဆီဆိုင်များအနီးနှင့် ပြည်ထောင်စုလမ်းမကြီးတို့တွင် မိုင်းပေါက်ကွဲမှုများ တစ်ပြိုင်နက်တည်း ဖြစ်ပွားပြီး အဆောက်အအုံတချို့ပျက်စီး

Must read

ရန်ကုန်၊ ဇွန် ၂၁

ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးမြို့၊ တောင်လေးလုံးကျေးရွာရှိ စက်သုံးဆီဆိုင် ၂ ဆိုင်အနီးနှင့် တောင်လေးလုံး-ဟဲဟိုးကြား ပြည်ထောင်စုလမ်းမကြီးပေါ် အပါအဝင် နေရာ ၃ ခုတွင် ယမန်နေ့ ဇွန်လ ၂၀ ရက်နေ့ ညပိုင်း မိုင်းပေါက်ကွဲမှုများ တစ်ပြိုင်နက်တည်း ဖြစ်ပွားခဲ့ကြောင်း ရဲသတင်းရင်းမြစ်ထံမှ သိရှိရသည်။

ယမန်နေ့ ဇွန်လ ၂၀ ရက်နေ့ ည ၁၁ နာရီ ၄၀ မိနစ်အချိန် တောင်လေးလုံးကျေးရွာရှိ DANKO စက်သုံးဆီဆိုင်၊ LUCKY GREEN LAND စက်သုံးဆီဆိုင်နှင့် တောင်လေးလုံး-ဟဲဟိုးမြို့ကြား ပြည်ထောင်စုလမ်းမကြီး မိုင်တိုင် ၉၆/၉၇ ကြားတို့၌ အသံမိုင်း ၃ လုံး ပြိုင်တူနီးပါး ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

မိုင်းပေါက်ကွဲမှုကြောင့် DANKO စက်သုံးဆီဆိုင်၏ မြောက်ဘက် အုတ်တံတိုင်းနှင့် ပေ ၃၀ ခန့်အကွာ၊ ရထားလမ်းဘေးတွင် ပေါက်ကွဲခဲ့ပြီး ဆီဆိုင်အဆောက်အအုံ၏ မျက်နှာကျက်၊ တံခါးများနှင့် မှန်များ ပျက်စီးသွားကြောင်း၊ LUCKY GREEN LAND စက်သုံးဆီဆိုင်၏ အနောက်မြောက်ထောင့် အုတ်တံတိုင်းအောက်ခြေတွင် ပေါက်ကွဲခဲ့သဖြင့် ၁၀ ပေခန့်ရှိ အုတ်တံတိုင်းတစ်ခန်း ပြိုကျပျက်စီးခဲ့ကာ အမျိုးသမီးအိမ်သာ မျက်နှာကျက်လည်း ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် တောင်လေးလုံးနှင့် ဟဲဟိုးကြား ၄ လမ်းသွား လမ်းမကြီး၏ ရေထွက်မြောင်းပြွန်အတွင်းမှ မိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ယာဉ်လမ်းကြောတစ်ဖက် ပျက်စီးသွားခဲ့ကြောင်း၊ အဆိုပါ နေရာ ၃ ခု မိုင်းခွဲခံရမှုကြောင့် လူတစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း သိရသည်။

“ညသန်းခေါင်ယံအချိန် ပေါက်ကွဲသံ အသံကျယ်ကြီး ၃ ချက်ကြားရတယ်။ ကားဘီးပေါက်တာလိုလို ငလျင်လိုလိုနဲ့ နောက်မှ မိုင်းပေါက်တာမှန်းသိတာ။ စစ်ကားတွေနဲ့ ရဲကားတွေ အများကြီး သွားကြတယ်” ဟု တောင်ကြီးမြို့မှ ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

မိုင်းပေါက်ကွဲမှုဖြစ်ပွားသည့်နေရာများသို့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦး၊ တပ်နယ်မှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ ရွှေညောင်မြို့နယ်မြေခံရဲစခန်းနှင့် ဟဲဟိုးမြို့နယ်မြေခံရဲစခန်းတို့မှ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး မိုင်းရှင်းလင်းရေးများ လုပ်ဆောင်ကာ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်သွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article