ရန်ကုန်၊ ဇွန် ၂၁
စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ တနင်္သာရီတိုင်းနှင့် ရခိုင်ပြည်နယ်တို့ရှိ ဒေသအချို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းနှင့် အသေခံဒရုန်းများအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ရာ အရပ်သားပြည်သူ ၇ ဦးသေဆုံးပြီး အနည်းဆုံး ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများထံမှ သိရသည်။
ဇွန်လ ၂၁ ရက် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ လွှတ်တင်လာသည့် အသေခံဒရုန်းတစ်စီးဖြင့် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ရွှေယင်းမာကျေးရွာ အနောက်ဘက်တောအတွင်းသို့ စစ်ကောင်စီတပ်က ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း မြောင်မြို့ သတင်းမှန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် ပြည်သူထိခိုက်ဒဏ်ရာရရှိမှုနှင့် နေအိမ်ပျက်စီးမှုများ မရှိခဲ့ကြောင်း သိရသည်။
“စစ်တပ်က တိုက်ပွဲမရှိဘဲ ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ လူထုထိခိုက်မှုမရှိပေမယ့် ပြည်သူတွေအနေနဲ့ စစ်ကြောင်းနဲ့ လေကြောင်းအန္တရာယ်ကို သတိထားနေထိုင်ကြဖို့ လိုပါတယ်” ဟု မြောင်မြို့ သတင်းမှန်ကြားရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။
အလားတူ မေလ ၂၆ ရက်ကလည်း စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ထွက်ခွာလာသည့် Gyrocopter ၂ စီးက ပဒတ္တိုင်းကျေးရွာနှင့် ငါးကင်းကျေးရွာတို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦး သေဆုံးပြီး ၃ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ဇွန်လ ၁၉ ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ်ခန့်အချိန် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ (ရွာဟောင်း) ရှိ စစ်ဘေးရှောင်အရပ်သားများ နေထိုင်ရာနေရာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦး စုစုပေါင်း ပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ကန်ပက်လက်မြို့နယ်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး အရပ်သားပစ်မှတ်များကိုပါ လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်နေသဖြင့် ဒေသခံများအနေဖြင့် အိမ်တိုင်းတွင် ပုန်းခိုကျင်းများတူးဖော်ထားကြရန်နှင့် လေကြောင်းသတင်းရရှိပါက ချက်ချင်းပုန်းခိုရန် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးထားသည်။
တစ်ဖက်တွင်လည်း ဇွန်လ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၂ မိနစ်ခန့်က ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေဖြစ်သည့် မြိတ်-ထားဝယ်ခရိုင်၊ လယ်ကဆောမြို့နယ်၊ လေညာကျေးရွာအုပ်စု၊ ပျဉ်းမချောင်းကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်က Jet Fighter လေယာဉ်ဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အလားတူ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့တွင်လည်း ဇွန်လ ၂၀ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က စစ်ကောင်စီတပ်၏ ဂျက်ဖိုက်တာလေယာဉ် ၁ စီးက အမှတ် ၂ ရပ်ကွက်၊ သိပ္ပံလမ်းနှင့် ကိန္နရီလမ်းဘက်သို့ ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ရာ ဒေါ်တင်တင်ဝင်း အသက် ၅၇ နှစ်နှင့် ဦးခင်မောင်ဝင်း အသက် ၆၇ နှစ်တို့ ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ရခိုင်ဒေသသတင်းရင်းမြစ် Arakan Princess Media က သတင်းဖော်ပြသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် နေအိမ် ၂ လုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ဒေသခံများ၏ ပြောကြားချက်အရ စစ်ကောင်စီတပ်သည် စစ်ရေးအရ အရေးနိမ့်လာသည့်ဒေသများတွင် တိုက်ပွဲနှင့် မသက်ဆိုင်သည့် အရပ်သားပြည်သူများ နေထိုင်ရာ မြို့ရွာများကို ပစ်မှတ်ထားကာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကို နေ့စဉ်ဆက်တိုက် ပြုလုပ်နေကြောင်း သိရသည်






