ရန်ကုန်၊ ဇွန် ၂၂
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ရိုဟင်ဂျာဒုက္ခသည်အကျပ်အတည်းအတွက် ရေရှည်တည်တံ့ပြီး ဘက်စုံလွှမ်းခြုံသည့် ဖြေရှင်းနည်းလမ်းများ ရှာဖွေနိုင်ရေးအတွက် အာဆီယံ (ASEAN) ယန္တရားမှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်မြှင့်တင်သွားရန် သဘောတူညီကြောင်း မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်က ဘင်္ဂလားဒေ့ရှ်အစိုးရခေါင်းဆောင်နှင့် ပြုလုပ်သည့် ယနေ့ ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားသည်။
ရိုဟင်ဂျာအရေး ကြိုးပမ်းမှုများနှင့် ပတ်သက်၍ လက်ရှိဖြစ်ပွားနေသည့် လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အကြောင်းအရင်းများနှင့် နောက်ဆက်တွဲ ရိုက်ခတ်မှုများကို ထိရောက်စွာဖြေရှင်းနိုင်ရေး ဆောင်ရွက်ရန် မလေးရှားနှင့်ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်တို့က သဘောတူညီလိုက်ခြင်းဖြစ်သည်။
ထိုသို့ ရိုဟင်ဂျာအရေး ဖြေရှင်းရေး ဆောင်ရွက်ရာတွင် မြန်မာစစ်အာဏာပိုင်များ အပါအဝင် သက်ဆိုင်သူ (Stakeholders) အားလုံးနှင့် ထိတွေ့ဆက်ဆံမှုများကို ယခင်ကထက် ပိုမိုပြင်းထန်စွာ တိုးမြှင့်လုပ်ဆောင်သွားမည့် အစီအစဉ်များ ပါဝင်ကြောင်း မလေးရှားဝန်ကြီးချုပ် အန်နဝါက ဆိုသည်။
တစ်ချိန်တည်းမှာပင် မလေးရှားနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား အကြမ်းဖက်မှုတိုက်ဖျက်ရေး အပါအဝင် နှစ်နိုင်ငံအရေးကိစ္စများ ပူးပေါင်းဆောင်ရွက်ကြရန်လည်း သဘောတူညီခဲ့ကြကြောင်း သိရှိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မြန်မာနိုင်ငံမှ ရိုဟင်ဂျာဒုက္ခသည် သန်းချီ လက်ခံထားပြီး မလေးရှားနိုင်ငံကလည်း ရိုဟင်ဂျာဒုက္ခသည် သိန်းချီကို လက်ခံထားသော နိုင်ငံများဖြစ်ကြသည်။
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ၂၀၁၇ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် စစ်တပ်၏ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများကြောင့် ရိုဟင်ဂျာလူမျိုး ၇ သိန်း ၄ သောင်းကျော် (၇၄၀,၀၀၀ ကျော်) သည် အိမ်နီးနားချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ အစုလိုက်အပြုံလိုက် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။
လက်ရှိအချိန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ခ်ဘဇား (Cox’s Bazar) ဒေသရှိ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည် စခန်းများတွင် ယခင်ကတည်းက ရောက်ရှိနေသူများအပါအဝင် ရိုဟင်ဂျာဒုက္ခသည် စုစုပေါင်း ၁ သန်းနီးပါး ခိုလှုံနေကြရပြီး ၎င်းတို့၏ စားဝတ်နေရေးနှင့် ရေရှည်ရပ်တည်ရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများအပေါ် ကြီးမားသော ဝန်ထုပ်ဝန်ပိုး ဖြစ်စေလျက်ရှိသည်။
အာဆီယံ (ASEAN) အဖွဲ့ကြီးက မြန်မာ့အရေးနှင့် ရိုဟင်ဂျာဒုက္ခသည်များ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်ရေးအတွက် အဓိက ကြားဝင်စေ့စပ်ပေးရန် ကြိုးပမ်းနေပြီး အာဆီယံအနေဖြင့် မြန်မာ့အရေးဖြေရှင်းရန် ‘ဘုံသဘောတူညီချက် ၅ ရပ်’ (Five-Point Consensus) ကို ချမှတ်ထားသော် လည်း လက်ရှိအချိန်အထိ ထိရောက်သော တိုးတက်မှုများ ရရှိရန် ရုန်းကန်နေရဆဲ ဖြစ်သည်။
မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများနှင့် မတည်ငြိမ်မှုများကြောင့် ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးလုပ်ငန်းစဉ်မှာ လုံးဝရပ်ဆိုင်းနေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွင်းရှိ ဒုက္ခသည်များမှာလည်း ရိက္ခာဖြတ်တောက်ခံရမှု၊ လုံခြုံရေးမစိတ်ချရမှုနှင့် လူကုန်ကူးမှုအန္တရာယ်များအပြင် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများသို့ စက်လှေများဖြင့် အန္တရာယ်ကြားမှ ထွက်ပြေးရသည့် ဖြစ်စဉ်များနှင့် ရင်ဆိုင်နေကြရသည်။

NO SALES; NO ARCHIVE; RESTRICTED TO EDITORIAL USE ONLY. NOTE TO EDITORS: This handout photos may only be used for editorial reporting purposes for the contemporaneous illustration of events, things or the people in the image or facts mentioned in the caption. Reuse of the pictures may require further permission.



