ရန်ကုန်၊ ဇွန် ၂၄
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း လုပ်ကိုင်နေသည့် တိုက်ခန်းတစ်ခုကို ထိုင်းအာဏာပိုင်များ ဝင်ရောက်စီးနင်းရာ လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၇ ဦး အပါအဝင် ၉ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်သည်။
ယမန်နေ့ ဇွန်လ ၂၃ ရက်နေ့ နံနက်ပိုင်း တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနမှ ရဲတပ်ဖွဲ့နှင့် မဲဆောက်မြို့နယ် ရဲစခန်းတို့ ပူးပေါင်းကာ မဲဆောက်မြို့၊ ဘန်ထုန်းလမ်းရှိ တိုက်ခန်းတစ်ခုတွင် ကွန်ပျူတာ အပါအဝင် အီလက်ထရွန်နစ် စက်ပစ္စည်းအများအပြား သယ်ဆောင်နေထိုင်ကာ အွန်လိုင်းငွေလိမ်လည်မှုများ ပြုလုပ်နေကြောင်း ဒေသခံပြည်သူများ၏ တိုင်ကြားချက်အရ ရှောင်တခင် ဝင်ရောက်စစ်ဆေး ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ထိုင်းအာဏာပိုင်များ ဝင်ရောက်ဖမ်းဆီးရာတွင် အွန်လိုင်းမှတစ်ဆင့် လောင်းကစားဝိုင်းများ ပြုလုပ်ခြင်း၊ အများပြည်သူကို လောင်းကစားလုပ်ရန် ကြော်ငြာခြင်း၊ ဆွဲဆောင်စည်းရုံးခြင်းနှင့် ငွေလိမ်လုပ်ငန်းများကို လုပ်ကိုင်နေသော အသက် ၂၁ နှစ်အရွယ်မှ အသက် ၃၇ နှစ်အရွယ်ကြားရှိ မြန်မာနိုင်ငံသား ၇ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား ၇ ဦးသည် အလုပ်သမား ဝပ်ပါမစ် (Work Permit) ရှိသူများ၊ Border Pass ယာယီ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်၊ နိုင်ငံကူးလက်မှတ် (Passport) နှင့် ပန်းရောင်ကတ် ကိုင်ဆောင်ထားသူများ ပါဝင်ကြောင်း သိရသည်။
ထို့ပြင် အသက် ၃၆ နှစ်အရွယ်နှင့် အသက် ၂၁ နှစ်အရွယ်ရှိ ထိုင်းနိုင်ငံသား ၂ ဦးကိုလည်း အဆိုပါလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ထပ်မံဖမ်းဆီးခဲ့ပြီး ကွန်ပျူတာ ၁၃ လုံး၊ Laptop ၇ လုံး၊ လက်ကိုင်ဖုန်း ၃၃ လုံး၊ ဘဏ်စာအုပ် ၂၉ အုပ်၊ ATM ကတ် ၂၆ ကတ်နှင့် ဘတ်ငွေ ၇ သန်းခန့်တို့ကိုလည်း သက်သေခံပစ္စည်းများအဖြစ် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိသော မြန်မာနိုင်ငံသား ၇ ဦးနှင့် ထိုင်းနိုင်ငံသား ၂ ဦးကို ခွင့်ပြုချက်မရှိဘဲ လောင်းကစားဝိုင်းများ ပြုလုပ်ခြင်း၊ အများပြည်သူကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ လောင်းကစားရန် ကြော်ငြာခြင်းနှင့် ဆွဲဆောင်စည်းရုံးခြင်း စသည့် ပြစ်မှုများဖြင့် အရေးယူဆောင်ရွက်ရန် မဲဆောက်မြို့နယ် ရဲစခန်းသို့ လွှဲပြောင်းပို့ဆောင်ထားကြောင်း သိရသည်။






