27.4 C
Yangon

မြန်မာနိုင်ငံမှ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများက အမေရိကန်၏ အမျိုးသားလုံခြုံရေးကို ခြိမ်း ခြောက် ကြီးထွားလာနေဟု အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး သတိပေး

Must read

ရန်ကုန်၊ ဇွန် ၂၇

မြန်မာနိုင်ငံနှင့် ဆက်စပ်နေသော ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများသည် အမေရိကန်ပြည် ထောင်စု၏ အမျိုးသားလုံခြုံရေးအတွက် ကြီးမားလာနေသည့် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Michael G. DeSombre က အမေရိကန်အောက်လွှတ်တော် ကြားနာပွဲတွင် သတိပေးပြောကြားလိုက်သည်။

ဇွန်လ ၂၅ ရက်နေ့ အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ လက်အောက်ခံ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဆပ်ကော်မတီက “Implementing an America First Approach in the East Asia and Pacific Region” ခေါင်းစဉ်ဖြင့် ကြားနာပွဲတစ်ရပ် ကျင်းပခဲ့ရာ မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်အခြေအနေနှင့် မြန်မာနိုင်ငံနှင့် ဆက်စပ်နေသော အွန်လိုင်းငွေလိမ်လုပ်ငန်းများကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ကြားနာပွဲတွင် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Michael G. DeSombre က သက်သေအဖြစ် ထွက်ဆိုခဲ့ပြီး ဆပ်ကော်မတီဥက္ကဋ္ဌ Young Kim နှင့် အဆင့်မြင့်အဖွဲ့ဝင် Ami Bera တို့ကလည်း မြန်မာ နိုင်ငံတွင် ဆက်လက်ဖြစ်ပွားနေသော ပြည်တွင်းပဋိပက္ခနှင့် လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေများအပေါ် စိုးရိမ်ပူပန်ကြောင်း ဖွင့်ပွဲမိန့်ခွန်းများနှင့် မေးမြန်းဆွေးနွေးမှုများအတွင်း ထုတ်ဖော်ပြောကြားခဲ့ကြသည်။

အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး DeSombre က မြန်မာနိုင်ငံနှင့် ဆက်စပ်နေသည့် ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းများသည် အမေရိကန်၏ လုံခြုံရေးကို တိုက်ရိုက်ထိခိုက်စေသည့် ခြိမ် းခြောက်မှုတစ်ရပ်အဖြစ် ကြီးထွားလာနေကြောင်း ပြောကြားသည်။

၂၀၂၅ ခုနှစ်အတွင်း အဆိုပါ ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းများကြောင့် အမေရိကန်နိုင်ငံသားများ ဆုံးရှုံးခဲ့ရသည့် ငွေပမာဏမှာ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၅ ဘီလီယံအထိ ရှိလာခဲ့ပြီး ယင်းပမာဏသည် ၂၀၂၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၅ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း ၎င်းက ပြောဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ ပဋိပက္ခများ အဆုံးသတ်နိုင်ရေးနှင့် နိုင်ငံရေးအဖြေရှာနိုင်ရေးအတွက် သက်ဆိုင်သူအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန် အမေရိကန်အစိုးရက အဆင်သင့်ရှိကြောင်း သူက အတည်ပြုပြောကြားသည်။

အဆိုပါ ကြားနာပွဲသို့ အွန်လိုင်းမှ တက်ရောက်ခဲ့သည့် Burma Research Institute (BRI) ဥက္ကဋ္ဌနှင့် CEO ဖြစ်သူ Zo Tum Hmung ကလည်း အမေရိကန်ကွန်ဂရက်တွင် မြန်မာနိုင်ငံအရေးကို နှစ်ပါတီပူးပေါင်း၍ အာရုံစိုက်ဆွေးနွေးခဲ့ခြင်းကို ကြိုဆိုကြောင်း ပြောကြားသည်။

Zo Tum Hmung က အမေရိကန်အစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စု ပေါ်ပေါက်ရေးကို ထောက်ခံအားပေးသည့် လက်တွေ့ကျသော အရေးယူဆောင်ရွက်မှုများကို အချိန်မီ လုပ်ဆောင်သင့်ကြောင်း တိုက်တွန်းသည်။

ထိုသို့ ဆောင်ရွက်ခြင်းသည် မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန်ခံမှုရှိစေရန် အထောက်အကူပြုမည့်အပြင် မြန်မာနိုင်ငံနှင့် ဆက်စပ်နေသည့် ကျားဖြန့်အွန်လိုင်းငွေလိမ်ကွန်ရက်များကို ဖြိုခွင်းနိုင်ရေး၊ ဒေသတွင်းတွင် တရုတ်နိုင်ငံ၏ ဩဇာလွှမ်းမိုးမှုကို တန်ပြန်နိုင်ရေးနှင့် အမေရိကန်၏ အမျိုးသားလုံခြုံရေး အကျိုးစီးပွားများကို ကာကွယ်နိုင်ရေးတို့အတွက်လည်း အရေး ကြီးကြောင်း ၎င်းက ထောက်ပြသည်။

ထို့အပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio က မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်လည် ထူထောင်ရေးကို အမေရိကန်က ဆက်လက်ထောက်ခံကြောင်း ထပ်မံအတည်ပြုခဲ့သည့်အပေါ် ကြို ဆို ကြောင်း Zo Tum Hmung က ဆိုသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် မင်းအောင်လှိုင် ဦးဆောင်သော စစ်တပ်က ရွေးကောက်ခံအစိုးရထံမှ အာဏာသိမ်းယူခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အခြေအနေများ ဆိုးရွားလာခဲ့ကြောင်း ထောက်ပြကာ အမေရိကန်အစိုးရအနေဖြင့် ဒီမိုကရေစီကို ထောက်ခံသည့် မူဝါဒကို ကြေညာချက်များဖြင့်သာ မဟုတ်ဘဲ ထိရောက်သည့် အရေးယူဆောင်ရွက်မှုများဖြင့် အကောင် အထည် ဖော်သင့်ကြောင်း သူက တိုက်တွန်းသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article