ရန်ကုန်၊ ဇွန် ၂၇
မလေးရှားနိုင်ငံတွင် တရားမဝင် နေထိုင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသားများကို မလေးရှားအာဏာပိုင်များက ဆက်တိုက် ဖမ်းဆီးနေကြောင်း မလေးရှားမှ လာသော သတင်းများအရ သိရှိရသည်။
မလေးရှားနိုင်ငံ ဂျိုဟိုး (Johor) ပြည်နယ်နှင့် ဆလန်ဂေါ (Selangor) ပြည်နယ်တို့တွင် လူဝင်မှုကြီးကြပ် ရေးအာဏာပိုင်များ၏ အော်ပရာစီ (Ops) စီမံချက်များဖြင့် ရှောင်တခင် ဝင်ရောက်စီးနင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ဂျိုဟိုးပြည်နယ်တွင် မြန်မာနိုင်ငံသား ၂၇ ဦးအပါအဝင် နိုင်ငံခြားသား ၅၀ ဦးနှင့် ဆလန်ဂေါပြည်နယ်တွင် မြန်မာနိုင်ငံသားများအပါအဝင် နိုင်ငံခြားသား ၂၇၀ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးဌာနများ၏ ထုတ်ပြန်ချက်များအရ သိရသည်။
ဂျိုဟိုးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနသည် ဇွန်လ ၂၆ ရက် နံနက်ပိုင်းတွင် စကူဒိုင်း (Skudai) နယ်မြေအတွင်း ဒေသခံများ၏ တိုင်ကြားချက်များကို အခြေခံ၍ အော်ပရာစီ စီမံချက် ၃ ခုဖြင့် စား သောက်ဆိုင်များ၊ ကားပြင်ဆိုင်များ၊ ရေခဲရိုက်ကြက်သားဆိုင်များနှင့် အုန်းနို့ထုတ်လုပ်သည့် လုပ်ငန်းများကို ပူးပေါင်းအဖွဲ့များဖြင့် ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
စစ်ဆေးမှုအတွင်း မြန်မာနိုင်ငံသား ၂၇ ဦး (အမျိုးသား ၂၀ ဦး၊ အမျိုးသမီး ၇ ဦး)၊ အင်ဒိုနီးရှားနိုင်ငံသား ၁၀ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁၀ ဦး၊ ပီရူး၊ သီရိလင်္ကာနှင့် အိန္ဒိယနိုင်ငံသား တစ်ဦးစီ စုစုပေါင်း နိုင်ငံ ခြားသား ၅၀ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ဖမ်းဆီးခံရသူများတွင် အသက် ၁၀ နှစ်မှ ၄၅ နှစ်အတွင်းရှိသူများ ပါဝင်ပြီး ကလေးငယ်များလည်း ပါဝင်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် တရားမဝင် နိုင်ငံခြားသားများကို အလုပ်ခန့်ထားသည့် မလေးရှားနိုင်ငံသား လုပ်ငန်းရှင် ၄ ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးခံရသူများမှာ တရားဝင် အလုပ်လုပ်ကိုင်ခွင့် အထောက်အထားမရှိခြင်း၊ ဗီဇာသက်တမ်း ကျော်လွန်နေခြင်းနှင့် အလုပ်ပါမစ် စည်းကမ်းချက်များကို ချိုးဖောက်ခြင်းတို့ကြောင့် အရေးယူခံရခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဖမ်းဆီးခံရသူများကို ဂျိုဟိုးဘာရူးမြို့ရှိ Setia Tropika လူဝင်မှုကြီးကြပ်ရေးအချုပ်စခန်းသို့ ပို့ဆောင်ထားပြီး ဥပဒေနှင့်အညီ ဆက်လက်စစ်ဆေး အရေးယူသွားမည်ဖြစ်ကြောင်း၊ ဂျိုဟိုးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနကလည်း လူဝင်မှုဥပဒေ ချိုးဖောက်သူများကို ဆက်လက်နှိမ်နင်းသွားမည်ဟု သတိပေးထားသည်။
အလားတူ ဆလန်ဂေါပြည်နယ် ကလန် (Klang) မြို့ရှိ စက်ရုံကြီး ၂ ရုံကို ဇွန်လ ၂၄ ရက်တွင် လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်တွင်းကုန်သွယ်ရေးဝန်ကြီးဌာနနှင့် လူမှုဖူလုံရေးဌာနတို့ ပူးပေါင်း၍ အရာရှိ ၅၀ ကျော်ဖြင့် အော်ပရာစီစီမံချက်အရ ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
စက်ရုံများအတွင်းရှိ နိုင်ငံခြားသားအလုပ်သမား ၅၈၆ ဦးကို စစ်ဆေးရာ လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှုများဖြင့် မြန်မာနိုင်ငံသားများအပါအဝင် ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ပါကစ္စတန်နှင့် သီရိလင်္ကာနိုင်ငံသား စုစုပေါင်း ၂၇၀ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။ ဖမ်းဆီးခံရသူများမှာ အသက် ၁၈ နှစ်မှ ၅၀ နှစ်အတွင်းရှိသူများဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ဖမ်းဆီးခံရသူများကို ဆလန်ဂေါပြည်နယ် Semenyih လူဝင်မှုကြီးကြပ်ရေးအချုပ်စခန်းသို့ ပို့ဆောင်ထားပြီး လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း၊ တရားမဝင် နိုင်ငံ ခြားသားများကို အလုပ်ခန့်ထားခြင်း သို့မဟုတ် ခိုလှုံခွင့်ပေးခြင်းများ မပြုလုပ်ရန် အလုပ်ရှင်များနှင့် ပြည်သူများကိုလည်း ဆလန်ဂေါပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနက သတိပေးထုတ်ပြန်ထား သည်။






